မန္တလေးမြို့ရဲ့ လုံခြုံရေးအခြေအနေဟာ တကယ်ပဲ စိုးရိမ်စရာကောင်းလာပြီလား?
ဒီနေ့ မတ်လ ၁၃ ရက်၊ နေ့လယ် ၃ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်မှာရှိတဲ့ အမှတ် ၄၂ KBZ ဘဏ်ခွဲ (စက်မှုပန်းခြံ) ကို လက်နက်ကိုင်ဆောင်ထားသူ အမျိုးသား ၂ ဦးက ရဲရဲတင်းတင်း ဝင်ရောက်ဓားပြတိုက်သွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
လူစည်ကားတဲ့ လမ်းမကြီးပေါ်မှာ နေ့ခင်းကြောင်တောင် အချိန်ကြီး အခုလို လက်နက်နဲ့ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဝန်းကျင်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။
မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ ဓားပြတိုက်သူ အမျိုးသား ၂ ဦးဟာ Scoopy i ဆိုင်ကယ်အမည်းရောင်ကို စီးနင်းလာတာဖြစ်ပြီး၊ ဂျင်းဘောင်းဘီအပြာနဲ့ ဖလန်ထည်အကျီတွေကို ဝတ်ဆင်ထားကာ သေနတ် ၂ လက် ကိုင်ဆောင်ထားတယ်လို့ သိရပါတယ်။
သူတို့ဟာ ဘဏ်အတွင်း ဝင်ရောက်ကာ ငွေတွေကို ဆာလာအိတ် ၂ အိတ်နဲ့ အပြည့်အသိပ် ထည့်သွင်းယူဆောင်ပြီး လမ်းမကြီးအတိုင်း အေးအေးဆေးဆေး ထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။

“သေနတ်တွေနဲ့ ရဲရဲတင်းတင်းဝင်လာပြီး ငွေအိတ်ကြီးတွေနဲ့ သယ်သွားတာ” လို့ ဒေသခံတစ်ဦးက ထိတ်လန့်တကြား ပြောပြခဲ့ပါတယ်။ ဆာလာအိတ် ၂ အိတ်စာ ငွေကြေးပမာဏဟာ အတော်လေး များပြားနိုင်ပြီး လက်ရှိမှာတော့ တာဝန်ရှိသူတွေက အသေးစိတ် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
အဆိုပါ KBZ ဘဏ်ခွဲ (စက်မှုပန်းခြံ) ဟာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတုန်းကလည်း ငွေကျပ်သိန်း ၁၈၀၀ နီးပါး ဓားပြတိုက်ခံခဲ့ရဖူးတဲ့ သမိုင်းကြောင်းရှိပါတယ်။
အခုဆိုရင်တော့ ဒုတိယအကြိမ်မြောက် ထပ်မံကျူးလွန်ခံလိုက်ရတာဖြစ်လို့ ဘဏ်တွေရဲ့ လုံခြုံရေးစနစ်နဲ့ မြို့ပြလုံခြုံရေးအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာစေပါတယ်။
နေ့ခင်းကြောင်တောင်ကြီးမှာတင် အခုလို လက်နက်ကိုင် ရာဇဝတ်မှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားလာနေတာဟာ ပြည်သူတွေအတွက် နေ့စဉ်သွားလာလှုပ်ရှားရတာ စိတ်မချမ်းမြေ့စရာ အခြေအနေတစ်ခုပါပဲ။
ယခုလို ကာလမျိုးမှာ ဘဏ်လုပ်ငန်းတွေတင်မကဘဲ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ငွေကြေးအမြောက်အမြား ကိုင်ဆောင်သွားလာသူတွေအနေနဲ့ မိမိတို့ရဲ့ ဘေးကင်းလုံခြုံရေးကို အထူးသတိထားကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
ဖြစ်စဉ်အပြည့်အစုံနဲ့ ဆုံးရှုံးသွားတဲ့ ငွေကြေးပမာဏ အတိအကျကိုတော့ ဆက်လက်စုံစမ်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်။








Leave a Reply