စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မြိတ်-ထားဝယ် အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိပြီး ပုလောမြို့နယ်၊ တောင်ယာကမ်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း KNLA တပ်မဟာ (၄)၊ အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ တောင်ယာကမ်းရွာရှိ စခန်းအပြင် အောက်ပေါင်းရွာစခန်း၊ လေသာတောင်ရှိ စစ်ကောင်စီ၏ ရုန်းတပ်ဖွဲ့စခန်းနှင့် ပုလောမြို့နယ်အတွင်းရှိ ရဲကင်းစခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတစ်ဦးအပါအဝင် ၁၅ ဦးခန့် သေဆုံးပြီး ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီ၏ ရုန်းတပ်ဖွဲ့နှင့် အောက်ပေါင်းရွာရဲစခန်းတို့ကိုပါ ဖျက်ဆီးနိုင်ခဲ့ပြီး၊ တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၄ ဦး မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့သည်။

ဆက်လက်၍ ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် တောင်ယာကမ်းရွာရှိ စစ်ကောင်စီစခန်းအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီလက်နက် ၅ လက်နှင့် ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့က ဦးဆောင်ကာ KNLA တပ်ရင်း (၁၂) နှင့် (၂၇)၊ KNDO တပ်ရင်း (၇) (တပ်ခွဲ ၁ နှင့် ၅)၊ နှင့် ဗိုလ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီအဖွဲ့အား အခွင့်အရေးရသည်နှင့် အမြဲတမ်းတိုက်ခိုက်မှုများကို ဖော်ဆောင်လုပ်ကိုင်နေမည်ဖြစ်ကြောင်း ပြည်သူများအား အသိပေးလိုပါသည်” ဟု KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့က ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများနှင့် အနီးတစ်ဝိုက်တွင် ပြည်သူများအနေဖြင့် နေထိုင်ခြင်းမပြုကြရန်နှင့် အထူးသတိပြုကြရန်လည်း တပ်ဖွဲ့က ထပ်မံသတိပေးချက် ထုတ်ပြန်ထားသည်။


Leave a Reply

Your email address will not be published. Required fields are marked *