ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ ၈၄၈ လက်နက်ခဲယမ်းဂိုဒေါင်များကို ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ယနေ့ မတ်လ ၁၅ ရက်နေ့ နံနက် ၂ နာရီ ၄၄ မိနစ်ခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲအဖွဲ့ တို့သည် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နှင့် ပူးပေါင်း၍ တောင်ငူမြို့ရှိ စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ ၈၄၈ လက်နက်ခဲယမ်းဂိုဒေါင်များကို ဦးတည်၍ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၉ လုံးစလုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုသည် စနခ ၈၄၈ ရှိ ခဲယမ်းဂိုဒေါင် နှင့် လက်နက်ဂိုဒေါင်တို့သည် တောင်ပိုင်းတိုင်းအတွင်း စစ်ရှုံးကောင်စီ၏ စစ်ရေးဖော်ဆောင်မှုများတွင် တောက်လျှောက် အသုံးပြုနေသည့် လက်နက်ခဲယမ်းတို့ကို အဓိက သိုလှောင်ထားသည့် လက်နက်ခဲယမ်း ဂိုဒေါင်များ ဖြစ်ကြောင်း၊ ထိုခဲယမ်းတို့ဖြင့် တောင်ပိုင်းတိုင်းအတွင်းရှိ အပြစ်မဲ့ ပြည်သူနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ကို သတ်ဖြတ်ရန် တောက်လျှောက်အသုံးပြုနေသောကြောင့် BWM နှင့် မဟာမိတ်အဖွဲ့တို့က ပူးပေါင်းပြီး BWM ၏ Mission 52 အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စနခ ၄၈၄ က စစ်တပ်ရဲ့ တောင်ပိုင်းတိုင်းမှာရှိတဲ့ လက်နက် ခဲယမ်းတွေကို အဓိကသိုလှောင် ဖြန့်ဖြူးပေးနေတဲ့ စစ်လက်နက်ပစ္စည်းတပ်ခွဲဖြစ်လို့ တော်လှန်ရေးအတွက် ဗျူဟာမြောက်စွာ အထောက်အကူပြုတဲ့ မစ်ရှင်ကိုဖော်ဆောင်ခြင်းဖြစ်ပါတယ်။ နယ်မြေခံတွေက အသံကြားလို့ လာမေးကြတာ ပဲသိရပါသေးတယ်။ ထိခိုက်မှုအခြေအနေကိုတော့ စုံစမ်းနေပါတယ်။ ၉ လုံး စလုံး အောင်တဲ့ မစ်ရှင်မို့ အားရပါတယ်။ ၉ လုံးထဲက Error တက်ချင်တဲ့ တစ်လုံးက direction ပြောင်းပြီး ကျွန်တော်တို့ ပစ်ခတ်ရာ ခပ်လှန်းလှန်းမှာ စစ်ခွေးတပ်စွဲထားတဲ့ နေရာကို ဝင်ရောက်ပေါက်ကွဲတာမို့ အလုံးတိုင်း အကျိုးရှိတဲ့ target ထိမယ်လို့ ယုံကြည်တယ်။ ဗျူဟာကျတဲ့ မစ်ရှင်မို့ပါ” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

BWM နှင့် မဟာမိတ်တို့ ဖော်ဆောင်သော ယခုမစ်ရှင်သည် တော်လှန်ရေးအောင်မြင်ရန်အတွက် ဗျူဟာကျသော တောင်ပိုင်းတိုင်း၏ အရေးကြီးသော စစ်ရေးပစ်မှတ်အကြီး တစ်ခုကို တိုက်ခိုက်ခြင်းဖြစ်သည့်အတွက် ထိုလက်နက်ခဲယမ်းဂိုဒေါင်များရှိ လက်နက်ခဲယမ်းများ ပျက်စီးလျှင် စစ်ရှုံးကောင်စီ အထိနာမည်ဖြစ်ကြောင်း၊ ထို့ပြင် တောင်ပိုင်းတိုင်းအတွင်း စစ်တပ်၏ စစ်ရေး ဖော်ဆောင်မှူများကိုလည်း ဟန့်တားရာ ရောက်မည်ဖြစ်၍ စစ်တပ်အထိနာစေရန် အရေးပါသော ဗျူဟာမြောက်စစ်ရေး ပစ်မှတ်ကြီးများကို BWM နှင့် မဟာမိတ်အဖွဲ့တို့သည် တော်လှန်ရေးအမြန်ဆုံးအောင်မြင်မှုကို အထောက်အကူပြုရန်အတွက် ဆက်လက်ကြိုးစားသွားမည်ဟု အခိုင်အမာပြောကြားလိုကြောင်း BWM အဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

အလားတူ မတ်လ ၁၂ ရက်နေ့ ညပိုင်းကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် ကေတုမတီလေတပ်နှင့် လေယာဉ်ဆီသိုလှောင်ကန်ကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်မှုဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။ အဆိုပါတိုက်ခိုက်မှုတွင် ရှော့တိုက်ဒုံး ၁၃ လုံးမှာ လေတပ်အတွင်းသို့ အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။


Leave a Reply

Your email address will not be published. Required fields are marked *