မြောက်ဥက္ကလာပမှာ စသုံးလုံးအရာရှိနဲ့သားအဖသုံးဦးက ရဲတွေကိုကားနဲ့တိုက်ပြီးသံတုတ်ဖြင့်ရိုက်လို့ ရဲ၂ဦးသေ၊ ၂ဦးဒဏ်ရာရ

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ ရဲတွေ ကားနဲ့တိုက်သတ်ခံရပြီး နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

မတ်လ ၉ ရက်ည ၁၀ နာရီခန့်ကရွှေပေါက်ကံမြို့သစ်၊(၁၂)ရပ်ကွက်ခွဲ၊ပုဂံလမ်းမကြီး(၁၂)စျေးထိပ်မှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ ကားချင်း ငြိတာကစတာလို့ကြားတယ်။မောင်းတဲ့ ကောင်က သူမူးနေလို့ဆိုပြီး ရဲတွေ ပြောတာကနေ ကားနဲ့တိုက်တာ။ ရဲတွေ သေတယ်ဆိုတာကတော့ဟုတ်တယ်” လို့ မြောက်ဥက္ကလာမြို့နယ် မှာနေတဲ့ ကားဝယ်ရောင်းအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

ကနဦး အမှုဖွင့်ထားချက်တွေအရ ကားတစ်စီးလမ်းပေါ်မှာ ကန့်လန့်ဖြတ်ရပ်ထားပြီး အရက်မူးနေတဲ့ယာဥ်မောင်းမြတ်ကိုကိုက လှည့်ကင်းရဲတွေကို ရှင်းပေးဖို့ပြောရာကနေ မြတ်ကိုကိုရဲ့ ဖခင် ဦးကြင်ခရမ်း နဲ့ ညီဖြစ်သူ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) ဒုတိယစုံစမ်းရေးမှူးအေးမင်းတို့ကနောက်ထပ်ကားတစ်စီးနဲ့ ရောက်လာပြီး သံတုတ်တွေ နဲ့ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ရဲတွေက ဒဏ်ရာရသူတွေကို အမှုဖွင့်ဆေးစာယူဖို့ ပြန်ထွက်ချိန် မြတ်ကိုကိုက ကားကိုပြန်ကွေ့ပြီး လှည့်ကင်းက ရဲလေးဦးကိုကားနဲ့ဝင်တိုက်ပြီး သူရဲ့ဖခင်နဲ့ ညီဖြစ်သူစသုံးလုံးဒုစုံစမ်းရေးမှူးက လဲကျတဲ့ရဲတွေကို သံတုတ်နဲ့ ထပ်မံ ရိုက်နှိက်ခဲ့တာလို့ သိရပါတယ်။

အဲဒါကြောင့် ရဲနှစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။

မြတ်ကိုကို၊ စသုံးလုံး ဒုစုံစမ်းရေးမှူးနဲ့ ဖခင်ဖြစ်သူတို့ကို လူသတ်မှုနဲ့ဖမ်းဆီးထားတယ်လို့လည်း စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်တွေမှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ရဲ သုံးယောက်ကို ကားနဲ့ တိုက်၊ ရိုက်နှက်ခဲ့တဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) ဒုတိယစုံစမ်းရေးမှူး အပါအဝင် သားအဖ သုံးဦးကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) က စစ်ကြောရေးလုပ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“ဒီအမှုကို စ.ရ.ဖ က စစ်နေတာ။ ရဲမဟုတ်ဘူး။ စစ်နေတဲ့နေရာက ရဲစခန်းတော့ မဟုတ်ဘူး။ တခြားတနေရာမှာ” လို့ သူက ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ မတ်လ ၉ ရက်နေ့၊ ညသန်းခေါင်အချိန်မှာ ရွှေပေါက်ကံမြို့သစ်၊ ၁၂ ရပ်ကွက်ထဲက ပုဂံလမ်းမကြီးနဲ့ အောင်ရာဇာလမ်းထိပ်မှာ ဖြစ်ပွားခဲ့တာပါ။

ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦး စီးလားတဲ့ ဆိုက်ကယ်ကို စသုံးလုံး ဒုတိယစုံစမ်းရေးမှူး၊ သူ့ရဲ့ ဖခင် နဲ့ ညီဖြစ်သူတို့ စီးလာတဲ့ ကားက ဝင်တိုက်ပြီး တုတ်နဲ့ ရိုက်နှက်ခဲ့တာလို့ အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေက ပြောပါတယ်။

ဒီ ရဲတပ်ဖွဲ့ဝင်တွေက စသုံးလုံးအရာရှိရဲ့ ညီဖြစ်သူ ခိုက်ရန် ဖြစ်ပွားနေတာကို ဖျန်ဖြေပေးရာကနေ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၀ ရက်နေ့မှာတော့ ရဲတပ်ဖွဲ့က သားအဖ သုံးဦးကို လာရောက်ဖမ်းဆီးခဲ့ပြီး အခုတော့ စ.ရ.ဖ က စစ်ဆေးနေတာဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *