ကရင်ပြည်နယ်ရဲ့ တောတောင်တွေကြားကနေ ကျောက်ဆည်မြို့လေးဆီ သူ ရောက်လာခဲ့တာ တစ်လပဲ ရှိပါသေးတယ်။
အသက် ၃၅ နှစ်၊ အရပ် ၉ ပေ ၅ လက်မနဲ့ ခန့်ညားလှတဲ့ “ဖားလိူင်းနား”။
သူ့ရဲ့ မျက်လုံးတစ်ဖက်က မကောင်းဘူးဆိုပေမဲ့၊ ရွှေဇမ္ဗူအောင် ဆင်အဖွဲ့ထဲမှာတော့ သူက အချောဆုံး၊ အလှဆုံးနဲ့ အလိမ္မာဆုံးပါပဲ။
သိန်း ၁၇၀၀ ကျော် အကုန်အကျခံပြီး ပိုင်ဆိုင်ထားရတဲ့ ဒီရတနာလေးဟာ ဆင်ဦးစီးအတွက်တော့ ငွေကြေးထက်မကတဲ့ မိသားစုဝင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။
“ကျွန်တော်တို့အတွက်ကတော့ အဖေ၊ အမေပြီးရင် ဆင်ပဲ။ ချစ်သူရည်းစားဆိုတာတောင် သူ့လောက် မနီးစပ်နိုင်ဘူး” လို့ ဆင်ဦးစီးကပြောပြပါတယ်။
ဖားလိူင်းနားက တခြားဆင်တွေနဲ့ မတူပါဘူး။ သူက သူ့ဦးစီးကိုပဲ အသက်ထက်မက ချစ်တာ။
လွှတ်ပေးထားရင်တောင် အဝေးမသွားဘူး၊ ဦးစီးသွားတဲ့နောက်ကို အရိပ်လို လိုက်နေတတ်တယ်။
မျက်လုံးတစ်ဖက် မကောင်းပေမဲ့ ဘယ်သူ့ကိုမှ ရန်မမူဘဲ အလွန်ကို ယဉ်ကျေးလိမ္မာတဲ့ ဆင်လေးတစ်ကောင်ဖြစ်ပါတယ်။
ဒါပေမဲ့ ကံကြမ္မာက ရက်စက်လွန်းပါတယ်…
ကျောက်ဆည်မြို့နယ်၊ လက်ဝဲစုကျေးရွာ အလှူပွဲတစ်ခုမှာ လျှပ်စစ်မိန်ကြိုးနဲ့ နှစ်ပေလောက်သာ ကွာဟတဲ့နေရာမှာ မမျှော်လင့်ဘဲ ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ ဖြစ်ရပ်ဆိုးနဲ့ ပတ်သက်ပြီး ဆင်ဦးစီးပါ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ ဟိုတစ်စဒီတစ်စ ထွက်ပေါ်ခဲ့ပါတယ်။
တကယ်တမ်းမှာတော့ ဆင်ဦးစီးတစ်ယောက် အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။
ဒါပေမဲ့…
သူ အသက်ရှင်ကျန်ရစ်ခြင်းကပဲ သူ့အတွက် အကြီးမားဆုံးသော နှလုံးသားဒဏ်ရာ ဖြစ်ခဲ့ရပါတယ်။
“ဆင်က ဖြစ်ဖြစ်ချင်း သူကုန်းရုန်းထသေးတယ်… ရှိတဲ့အားလေးနဲ့ မရပါဘူး။ လျှပ်စစ်ဗို့အားက အရမ်းများတော့ သူ… သူ ထွက်သွားခဲ့ရတယ်။
အဲ့ဒီအချိန်မှာ ကျွန်တော်က သူ့ဘေးမှာတင်…။ လူတွေကတော့ ကျွန်တော် သေပြီလို့ ထင်ကြတယ်။ တကယ်တော့ ကျွန်တော် အသက်ရှင်နေပါသေးတယ်။ ဒါပေမဲ့ ဒီအသက်ရှင်ခြင်းကပဲ ကျွန်တော့်ကို ပိုပြီး ရူးမတတ် ဖြစ်စေတာပါ”
ဆင်ဦးစီးရဲ့ စကားသံတွေက တုန်ရီနေပါတယ်။
“ကိုယ်ပဲ ခံစားလိုက်ရပါစေ၊ ကိုယ်ပဲ ဒီနေရာမှာ သေလိုက်ပါတော့လားလို့ ဆုတောင်းမိတဲ့အထိပါပဲ။ သူက တိရစ္ဆာန်သက်သက် မဟုတ်ဘူး၊ အသိဉာဏ်ရှိတဲ့ ညီအစ်ကိုတစ်ယောက်လိုပါပဲ။ မျက်လုံးတစ်ဖက် မကောင်းပေမဲ့ ကျွန်တော့်စကားပဲ နားထောင်တယ်၊ ကျွန်တော့်ကိုပဲ ချစ်တယ်။ အခုတော့ သူ တစ်ယောက်တည်း ထွက်သွားပြီ၊ ကျွန်တော်ကတော့ ဒီလောကမှာ အသည်းနှလုံးတွေ ကြေမွလျက်နဲ့ ကျန်ရစ်ခဲ့ရတယ်”
ဖားလိူင်းနားလေးကို ဆုံးရှုံးလိုက်ရတဲ့ ဝေဒနာကို ဆင်ဦးစီးက သင်ခန်းစာတစ်ခုအနေနဲ့ ယူလိုက်ပါတယ်။
“ကျွန်တော်တို့ ချစ်တဲ့ရတနာလေးတွေနောက်ကို ဒီလိုမျိုး အဖြစ်ဆိုးတွေ ထပ်မရောက်ရလေအောင် အစစအရာရာ သတိထားကြဖို့ပါပဲ။ အသက် ၆၀ အထိ အတူရှိသွားဖို့ ရည်ရွယ်ချက်တွေက အခုတော့ အိပ်မက်ဆိုးတစ်ခုလို ပျောက်ကွယ်သွားခဲ့ရပြီ”
ယနေ့မှာတော့ ဖားလိူင်းနား မရှိတော့ပေမဲ့၊ သူ့ကို ချစ်တဲ့ ဆင်ဦးစီးရဲ့ ရင်ထဲမှာတော့ အဲဒီ ၉ ပေ ၅ လက်မရှိတဲ့ အလှပဆုံး ဆင်လေးရဲ့အရိပ်အယောင်တွေက ထာဝရ ကိန်းအောင်းနေမှာ အမှန်ပါပဲ။


Leave a Reply