“နန်းလုပွဲတွေ ဖြစ်မှာစိုးလို့ ကိုယ့်သားတော် မင်းညီမင်းသားတွေကိုတောင် ပေးမဖူးခဲ့တဲ့ ‘တန်ခိုးကြီး လျှို့ဝှက်ဘုရားတစ်ဆူ’ ရွှေတိဂုံစေတီတော်ပေါ်မှာ ရှိနေတာ သင် တကယ် သိပါသလား…?”

ရန်ကုန်မြို့ရဲ့ ဂုဏ်ဆောင် ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အထက်ပစ္စယံပေါ်မှာ “ပတ္တမြားမျက်ရှင်” (သို့မဟုတ်) “တဝဂူ” ဘုရားလို့ လူသိများတဲ့ အလွန်ထူးခြားတဲ့ ရုပ်ပွားတော်တစ်ဆူ ရှိပါတယ်။

ဒီရုပ်ပွားတော်ဟာ သာမန်ရုပ်ပွားတော် မဟုတ်ဘဲ မြန်မာသက္ကရာဇ် ၁၁၅၄ ခုနှစ် (ခရစ်နှစ် ၁၇၉၂) မှာ နာမည်ကျော် ထွက်ရပ်ပေါက် ဝိဇ္ဇာဓိုရ် “ဘိုးဘိုးအောင်” ကိုယ်တိုင် အဓိဋ္ဌာန်နဲ့ တည်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီဘုရားရဲ့ ထူးခြားချက်ကတော့ တည်ထားတဲ့ ပစ္စည်းတွေပါပဲ။ ဘိုးဘိုးအောင်ဟာ ဒီရုပ်ပွားတော်ကို မင်းမျိုးမင်းနွယ်တွေရဲ့ သွေး၊ မဟာဆီ (နန်းသုံးဆီ) နဲ့ ထူးခြားတဲ့ ဆေးပေါင်းတွေနဲ့ ဖော်စပ်ထားတဲ့ “ဆေးရိုးကြီး” တွေနဲ့ ထုလုပ်ပူဇော်ခဲ့တာကြောင့် “ဆေးရိုးကြီးဘုရား” လို့လည်း ခေါ်ကြပါတယ် ။

သမိုင်းမှတ်တမ်းတွေအရ ဒီဘုရားရှင်ဟာ “ဆုတောင်းပြည့်လွန်းတာ” ကြောင့် ရှေးဘုရင်တွေဟာ မင်းညီမင်းသားတွေကို ဒီနေရာကို တက်ရောက်ဖူးမြော်ခွင့် လုံးဝ ပိတ်ပင်ခဲ့ရပါတယ်။

အကြောင်းရင်းကတော့ တန်ခိုးအရှိန်အဝါ အလွန်ကြီးမားတဲ့အတွက် မင်းညီမင်းသားတွေဟာ နန်းလုဖို့ အကြံနဲ့ ဒီဘုရားမှာ သစ္စာဓိဋ္ဌာန်ပြု ဆုတောင်းကြမှာကို စိုးရိမ်ခဲ့ကြလို့ပါ။

တစ်နည်းအားဖြင့် ဒီဘုရားမှာ ဆုတောင်းရင် “ဘုရင်တောင် ဖြစ်နိုင်တယ်” လို့ ယုံကြည်ခဲ့ကြတာကြောင့် နန်းတွင်းပုန်ကန်မှုတွေ ဖြစ်မှာကို ဘုရင်တွေက ကြောက်ရွံ့ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာလည်း ဒီဘုရားရှင်ဟာ အထက်ပစ္စယာပေါ်မှာပဲ သီးသန့်ကိန်းဝပ်နေပြီး အသက် ၁၈ နှစ်ပြည့်တဲ့ အမျိုးသားတွေသာ စည်းကမ်းချက်နဲ့အညီ တက်ရောက်ဖူးမြော်ခွင့် ရှိပါတယ်။

နဖူးတော်မှာ တန်ဖိုးဖြတ်မရတဲ့ ပတ္တမြားမျက်ရှင်တော် ထည့်သွင်းပူဇော်ထားပြီး ကြည်ညိုသူတိုင်းအတွက် တကယ်ကို အံ့သြဖွယ်ရာ သမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ အထက်ပစ္စယာ (ရင်ပြင်တော်မှ အပေါ်ဘက် လှေကားဖြင့် တက်ရသောနေရာ)။

အမျိုးသမီးများနှင့် လူအများအတွက် ရင်ပြင်တော် လေးထောင့်ရှိ Digital Screen များမှတစ်ဆင့် တိုက်ရိုက်ဖူးမြော်နိုင်အောင် စီစဉ်ပေးထားပါတယ် ။

သင်ရော ရွှေတိဂုံစေတီတော်ကို သွားတဲ့အခါ ဒီလိုလျှို့ဝှက်ဆန်းကြယ်တဲ့ “ပတ္တမြားမျက်ရှင်” ဘုရားရှင်အကြောင်းကို သတိထားမိဖူးလား?

တဝဂူ ပတ္တမြားမျက်ရှင်ဘုရား

အထက်ပစ္စယာ အရှေ့ဘက်တည့်တည့်ရှိ တဝဂူ ဆုတောင်းပြည့် ပတ္တမြားမျက်ရှင်ဘုရား

ရွှေတိဂုံ စေတီတော် အထက်ပစ္စယာ အရှေ့ဘက် တည့်တည့်တွင် တည်ရှိသည်။ ပတ္တမြားမျက်ရှင်ဘုရား ဟုလည်း ခေါ်တွင်လေသည်။ အလွန် ဆုတောင်းပြည့်သည်ဟု ရှေးမင်းများ လက်ထက်ကတည်းက ယုံကြည်ခဲ့ကြသည်။ ရှေးခေတ်အခါက မင်းညီမင်းသားများသည် နန်းလုရန် အကြံအစည်ဖြင့် တဝဂူဘုရားတွင် သစ္စာဓိဋ္ဌာန် ပြုလုပ်ကြသည်။ ဆုတောင်းပြည့်ကြသည် ဖြစ်၍ သတ်ဖြတ် လုပ်ကြံမှုများ အောင်မြင်ကြသည်ဖြစ်ရာ မင်းညီမင်းသားများ တဝဂူ ဆုတောင်းပြည့်ဘုရား မဖူးမြော်ရဟု ဘုရင်များက အမိန့် စာချွန်တော် ထုတ်ပြန်ခဲ့ရသည် ဟု အဆိုရှိသည်။

မင်းမျိုးမင်းနွယ်တို့ ကြိတ်သွေးသော ဆေးရိုးကြီး ဆေးပေါင်းဖြင့် ဆင်းတုတည်ကာ ဘိုးဘိုးအောင် ဌာပနာ သောကြောင့် ဆေးရိုးကြီးဆင်းတု ဟုလည်း ခေါ်ကြသည်။ မြန်မာသက္ကရာဇ် ၁၁၅၄ ခုနှစ်၊ သီတင်းလပြည့်၊ တနင်္ဂနွေနေ့တွင် တည်ထားခဲ့သည်။ ဆွမ်းဦးဘုရား ဟုလည်း ဆိုစမှတ် ပြုကြသည်။ ရှေးယခင်က ဆွမ်းဦး ကပ်လှူလိုသူများသည် ရင်ပြင်ပေါ်၌ ညအိပ်၍ လေမီးဖိုများ၊ ဆွမ်းဆန်များ၊ သစ်သီးများဖြင့် အသင့်စောင့်၍ ဆွမ်းချက် ကပ်လှူကြသော်လည်း အမြဲတစေ ဆွမ်းဦးနေသည်ကို ကြုံရသည်ဟု ဆို၏။

၁၉၁၁ ခုနှစ်တွင် ရိုက်ကူးခဲ့သော နိုင်ငံခြားဧည့်သည်တစ်ဦး အထက်ပစ္စယာသို့ တက်ရောက်လေ့လာပုံ

ထိုဘုရားကို မျက်မြင်ကိုယ်တွေ့ ဖူးမြော်လိုလျှင် ခွင့်ပြုကတ်ပြား ပြုလုပ်ရသည်။ မှတ်ပုံတင်၊ ရဲစခန်း ထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာများ ပြ၍ ဂေါပက ရုံးတွင် ကတ်ပြား ပြုလုပ်ရသည်။ ထိုကတ်ပြားကို ဗုဒ္ဓဟူး ထောင့်ရှိ လုံခြုံရေးများထံ ပြ၍ တက်ရောက်နိုင်ပါသည်။ စေတီအုတ်ဖိနပ်တော် အထက်တွင် တည်ရှိသောကြောင့် အမျိုးသမီးများ မတက်ရောက်နိုင်ပေ။ ယခုအခါ အများပြည်သူများ ဖူးမြော်နိုင်စေရန် မုခ်ဝ အာရုံခံတန်ဆောင်း လေးခုလုံးတွင် တဝဂူ ရုပ်ပွားတော်ကို တီဗွီကြီးများဖြင့် တိုက်ရိုက်လွှင့်၍ အပူဇော်ခံထား၏။


Leave a Reply

Your email address will not be published. Required fields are marked *