ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ်မှာ မိသားစုဝင် ၅ ဦးနဲ့ အိမ်အကူအမျိုးသမီးတစ်ဦး အပါအဝင်လူ ၆ ဦး အကြောင်းအရာမဲ့ သတ်ဖြတ်ခံလိုက်ရတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

မတ်လ ၄ ရက် ည ၁၁ နာရီဝန်းကျင်လောက်မှာ မိုးညှင်းမြို့နယ်ထဲက ဟိုပင်မြို့ ၊ မြို့မတောင်ရပ်ကွက် ၊ မြသာယာရပ် နယ်မြေ (၅) မှာနေထိုင်တဲ့ ဦးကျော်မြတ်ဦး (၄၁) နှစ် ၊ ဇနီးဖြစ်သူ ဒေါ်အိဖြူ (၃၇) နှစ် ၊ သားဖြစ်သူ မောင်ဘုန်းခန့်ကျော် (၁၁) နှစ် ၊ သမီးဖြစ်သူ ၂ ဦးဖြစ်တဲ့ မယုဝတီကျော် (၉) နှစ် ၊ မယွန်းဝတီကျော် (၅) နှစ် နဲ့ အိမ်အကူဖြစ်သူ ဒေါ်မီးမီး (၄၂) နှစ်အပါအဝင် လူ ၆ဦး ဓားဒဏ်ရာ တွေနဲ့ သေဆုံးနေတယ်လို့ဆိုပါတယ်။

အဲဒိလူ ၆ ဦးဟာ နေအိမ်အတွင်း အိမ်ရှေ့ခန်း ၊ အိမ်ခန်း နဲ့ အိမ်နောက်ခန်းတွေမှာ ရက်ရက်စက်စက်ခုတ်ထစ်သတ်ဖြတ်ခံရလို့ သေဆုံးခဲ့တဲ့ပုံစံမျိုး တွေ့မြင်ရပြီး အခုလို အသတ်ခံရတာဟာ မိသားစုရန်ငြိုးကြောင့် ဒါမှမဟုတ် ဓားပြတိုက်ခံရပြီး သတ်ဖြတ်သွားတာလားဆိုတာကိုတော့ အတိအကျမသိရှိရသေးဘူလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရန်ငြိုးရန်စကြောက်လား ၊ ဓားပြတိုက်ရင်းဖြစ်တာလားဆိုတော့မသိနိုင်သေးဘူး။ဒီဟာက ဓားပြတိုက်တယ်ဆိုတာထက် တစ်ယောက်တစ်နေရာဆီသတ်ထားတာ အိမ်အနောက်ခန်းမှာတွေရောဝင်သတ်ထားတာဆိုတော့ ညဘက်ကြီးအိပ်ချိန် အဲလိုမျိုးဝင်ပြီးတော့မှရည်ရွယ်ချက်ရှိရှိသတ်သွားတယ် လို့ပဲဖြစ်စဉ်ကိုအဲလိုသုံးသပ်မိတယ်”လို့ ဟိုပင်နယ်ခံတစ်ဦးကပြောပါတယ်။

အခုလို အသတ်ခံရတဲ့ ဦးကျော်မြတ်ဦးဟာ လိုင်းကားမောင်းသူတစ်ဦးဖြစ်ပြီး ၊ အမျိုးသမီးဖြစ်သူက သစ်သီးရောင်းသူတစ်ဦးလည်းဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒိမိသားစုဝင်တွေအသတ်ခံရတဲ့ညမှာလည်း အိမ်နီးနားချင်းတွေက အော်သံတစ်ချို့ကြားရပေမယ့် ဦးကျော်မြတ်ဦးတို့ လင်မယားဟာ မကြာခဏစကားများတတ်ကြတဲ့အတွက် အခုလိုအော်သံဟာလည်း လင်မယားချင်းစကားများပြီး အော်ကြတဲ့အသံတာထင်မှတ်ခဲ့ကြတယ်လို့ဆိုပါတယ်။

“သူတို့လင်မယားနှစ်ယောက်က အမြဲတမ်းလည်းစကားများတတ်တဲ့အခါကျတော့ ပုံမှန်စကားများတယ်လို့ပဲထင်တယ်ပေါ့လေ ဒါပေမယ့် မနက်ကျတော့ သွေးစတွေ တွေ့တယ်ဆိုပြီးတော့ အကြောင်းကြားလာတော့ စစ်ကောင်စီ ရဲတွေ ရပ်ကွက်လူကြီးတွေအိမ်ထဲဝင်သွားတဲ့အခါကျတော့ တစ်မိသားစုလုံး အိမ်အကူအမျိုးသမီးအပါ ၆ ဦးကို ဓား နဲ့ ရက်ရက်စက်စက်ထိုးသတ်ခံထားရတာ ၊ ခုတ်တာတွေရော”လို့ မျက်မြင်သိရတဲ့ ဒေသခံကဆက်ပြီးပြောပါတယ်။

လက်ရှိမှာတော့ အဲ့ဒိ ရုပ်အလောင်း ၆ လောင်းကို နာရေးပြုလုပ်သဂြိုလ်ဖို့ အတွက် မြို့ခံလူမှုကူညီကယ်ဆယ်ရေးအသင်းကလာရောက်သယ်ဆောင်သွားပြီးဖြစ်တယ်လို့သိရပါတယ်။

ဟိုပင်မှာပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း ဓားပြတိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီထဲက ဓားမြမှု့ ကျူးလွန်သူ တရားခံ တချို့ကို စစ်တပ်အုပ်စုက
ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံတစ်ချို့ကတော့ထွက်ပြေးလွတ်မြောက်နေဆဲဖြစ် တယ်လို့ သိရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *