စစ်ကော်မရှင် ဖမ်းဆီးထားမှုမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ဟု သမီးဆိုး ဆို

အမေရိကန်နိုင်ငံသား ခံယူထားသည့် အွန်လိုင်းဆယ်လီ သမီးဆိုး (ခေါ်) မသက်ကိုကို သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိစဉ် စစ်ကော်မရှင်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရရာမှ ယခုအခါ ပြန်လည်လွတ်မြောက်လာပြီး အမေရိကန်ပြည် ထောင်စု၊ ဖလော်ရီဒါပြည်နယ်သို့ မိသားစုနှင့်အတူ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြထားမှုအရသိရသည်။

၎င်းလွတ်မြောက်ရေးအတွက် အမေရိကန်သမ္မတ ထရမ့်၏ အထူးအမိန့်ဖြင့် ဝါရှင်တန်ဒီစီရှိ အစိုးရအဖွဲ့၊ ကောင်စစ်ဝန်ရုံးများနှင့် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတို့က တက်ကြွစွာ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သမီးဆိုးက ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။

“အမေရိကန်အစိုးရအဖွဲ့တွေရဲ့ ကူညီမှုနဲ့ ဂရုစိုက်မှုတွေသာမရှိရင် ကျွန်မ အခုချိန်ထိ အသက်ရှင်နေမှာမဟုတ်ပါဘူး၊ သူတို့ဟာ ကျွန်မရဲ့ အသက်သခင်ကျေးဇူးရှင်တွေပါပဲ” ဟု ဆိုကာ အထူးကျေးဇူးတင်ရှိကြောင်း ရေးသားထားသည်။

လက်ရှိတွင် မိသားစုနှင့်အတူ စိတ်ခွန်အားပြန်လည်ဖြည့်တင်းလျက်ရှိပြီး မြန်မာနိုင်ငံတွင် ရှိနေစဉ်အတွင်း ရက်စက်သည့် လူအချို့၏ အနိုင်ကျင့် (Bully) ခံခဲ့ရသည့် အတွေ့အကြုံများကိုလည်း ပရိသတ်များထံ ပြန်လည်ဝေမျှသွားမည်ဟု ဆိုသည်။

ထို့အပြင် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ နိုင်ငံသားတစ်ယောက်အနေဖြင့် တရားမျှတမှုနှင့် ရပိုင်ခွင့်များ ရှိရမည်ဖြစ်ပြီး၊ မရရှိပါက တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မသက်ကိုကို (ခ) သမီးဆိုးသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး အောက်တိုဘာ ၁၂ ရက်၌ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် ကြိုးပမ်းစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းအား စစ်ကော်မရှင်က အမေရိကန်တွင် နေထိုင်စဉ်အတွင်း ပြင်ဦးလွင်မြို့နယ်နေ ဒေါ်အေသင်ကိုနှင့် စစ်တပ်အရာရှိတစ်ဦးအကြောင်း Live လွှင့်ပြောဆိုမှုကြောင့် အောက်တိုဘာ ၅ ရက်တွင် ပြင်ဦးလွင်မြို့မရဲစခန်း၌ ပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့သည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်ဇနီး ဒေါ်ကြူကြူလှနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဝတ်စားဆင်ယင်မှုအား နှိုင်းယှဉ်ဝေဖန်ထားသည့် Post တင်မှု၊ စစ်တပ်အရာရှိများကို ဝေဖန်ပြောဆိုမှုတို့ကြောင့် အောက်တိုဘာ ၁၃ ရက်တွင် ပြင်ဦးလွင်မြို့မရဲစခန်း၌ပင် ပုဒ်မ ၅၀၅(က) ဖြင့် ထပ်မံအမှုဖွင့်ကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။


Leave a Reply

Your email address will not be published. Required fields are marked *