ပါဝင်သူ ၅ ဦးကို ဖမ်းဆီးပြီး အသုံးပြုသည့်ကားကိုပါ သိမ်းဆည်းရန်

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ အိမ်တွင်းရေးပြဿနာနဲ့ အကြွေးကိစ္စရပ်များကြောင့် လူငှားပြီး မိမိနေအိမ်ကို ဝင်ရောက်စီးနင်းခိုင်းကာ ရဲစခန်းတွင် လိမ်လည်တိုင်ကြားခဲ့သူ မနှင်းနုခိုင်နဲ့ ပူးပေါင်းပါဝင်သူတွေကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က အောင်မြေသာစံမြို့နယ်ရှိ နေအိမ်တစ်အိမ်မှာ လူငယ်နှစ်ဦးက ပစ္စည်းလာပို့သူအဖြစ် ဟန်ဆောင်ဝင်ရောက်ပြီး ကလေးငယ်တစ်ဦးကို ဖမ်းချုပ်ကာ ရွှေနဲ့ ငွေကြေးတွေကို ယူဆောင်သွားကြောင်း မနှင်းနုခိုင်က ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ခြင်း ဖြစ်ပါတယ်။

သို့သော်လည်း လုံခြုံရေးတာဝန်ရှိသူတွေက CCTV မှတစ်ဆင့် ခြေရာခံစစ်ဆေးရာမှာတော့ ဒီဖြစ်စဉ်ဟာ အပြင်လူက ကျူးလွန်တာမဟုတ်ဘဲ မနှင်းနုခိုင် ကိုယ်တိုင်က ငွေကျပ် သိန်း ၂၀ နဲ့ လူငှားပြီး ဇာတ်လမ်းထွင်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

မနှင်းနုခိုင်မှာ အကြွေးပြဿနာများ ရှိနေတာကြောင့် အခုလို လုပ်ကြံဖန်တီးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဖြစ်စဉ်မှာ ပါဝင်ခဲ့သူ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၅ ဦးကို ဖမ်းဆီးထားကာ တရားရုံးမှာ ချုပ်မိန့်ရယူထားပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ လုပ်ကြံမှုမှာ အသုံးပြုခဲ့တဲ့ မော်တော်ယာဉ်ကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းထားပြီး ယာဉ်လိုင်စင် အခြေအနေကို သိရှိနိုင်ဖို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ထံ အကြောင်းကြားစာပေးပို့ကာ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

အဆိုပါယာဉ်ကိုလည်း ဥပဒေအရ သိမ်းဆည်းသွားဖို့ စီစဉ်နေပြီး ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူအားလုံးကို ဥပဒေနဲ့အညီ ထိရောက်စွာ ဆက်လက်အရေးယူသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *