ဝင်းဝစခန်းပြန်ရရန် ကြိုးပမ်းသည့် စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်များ ဂုံညှင်းဆိပ်ရွာအနီး တိုက်ပွဲဖြစ်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ဝင်းဝတပ်စခန်းမှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား ဒေသတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း KNU တပ်မဟာ (၄) သတင်းရင်းမြစ်ထံက သိရသည်။

ဝင်းဝစခန်းမှ ထွက်ပြေးသွားသည့် စစ်ကော်မရှင်တပ်သားများနှင့် ဝင်းဝတပ်စခန်းအား ပြန်လည်ရယူရေးအတွက် စစ်ကူလာသည့် စစ်ကြောင်းများကို တိုက်ခိုက်နေခြင်းကြောင့် သရက်ချောင်းမြို့နယ် အောက်ပိုင်းရှိ ဂုံညှင်းဆိပ်ရွာအနီးတဝိုက်၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဟုဆိုသည်။

KNU တပ်မဟာ (၄) ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နာက “ အဲ့ဒီ ပြေးလာတဲ့ စစ်ကြောင်းကလည်း ကျွန်တော်တို့ လိုက်လံရှင်းလင်းနေတဲ့အခြေအနေဖြစ်တယ်။ တချိန်တည်းမှာပဲ စစ်ကူလာတဲ့ စစ်ကြောင်းကိုလည်း ကျွန်တော်တို့ လိုက်လံရှင်းလင်းနေတဲ့ အချိန်မှာ လေကြောင်းပစ်ကူ တိုက်ခိုက် ဗုံးကြဲတာတွေ ရှိတယ်” ဟု ယနေ့ (မတ်လ ၁၈ ရက်) တွင် ပြောသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲခြင်း၊ ကနက်သီရိရွာအနီး ပင်လယ်ပြင်ရှိ စစ်သင်္ဘောမှလည်း လက်နက်ကြီးပစ်ခတ်ခြင်းတို့ကို ပြုလုပ်နေသည်။

ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင် အချိန်တွင် ထိုတိုက်ပွဲဖြစ်ပွားနေသည့် ဂုံညှင်းဆိပ်ရွာအနီးတဝိုက်ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲသွားကြောင်း သတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရသည်။

“ ၁၂ လောက်က ကြဲသွားသေးတယ် ဂုံညှင်းဆိပ်ဘက်ကို။ ပြီးတော့ အဲ့ဒီဘက်ကို စစ်ကြောင်းတွေ တက်တာရှိတော့ တိုက်ပွဲတွေ ဖြစ်တာရှိတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ဂုံညှင်းဆိပ်ရွာသည် ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဝင်းဝတပ်စခန်းနှင့် ငါးမိုင်ကျော်အကွာတွင် တည်ရှိပြီး၊ မြိတ်- ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းမကြီးနှင့် အနည်းငယ်သာ ကွာဝေးသည်။

ထိုဝင်းဝတပ်စခန်းအား KNLA ပူးပေါင်းတပ်များက အချိန်တလကျော်ကြာ တိုက်ခိုက်ခဲ့ရသည်။

သရက်ချောင်းမြို့နယ်၌ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလ ပထမအပတ်အတွင်းကစ၍ ဝင်းဝ၊ မင်းဒပ်၊ သဲချောင်းကြီး၊ သိမ်ကုန်း၊ စုံစင်ဖျား အပါအဝင် ကျေးရွာပေါင်း ၂၀ ခန့်က အရပ်သားပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး လက်ရှိအထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ယင်းပြင် ထိုအချိန်မှစ၍ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး၊ သရက်ချောင်း -ထားဝယ်လမ်းပိုင်းကို ‌ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့သော်လည်း တလကျော်အကြာ ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့တွင် လမ်းကြောင်းအနည်းငယ် ပြန်ပွင့်ခဲ့ပြီး သရက်ချောင်းနှင့် ထားဝယ်အကြား ပိတ်မိနေသည့် ယာဉ်များ ဖြတ်သန်းသွားလာခွင့်ရခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပုံဟောင်းကို အသုံးပြုထားပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *