ရန်ကုန်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သည့် ယာဉ်မောင်းကြောင့် လူမမယ်ကလေးငယ်တစ်ဦး Tayဆုံးကာ လူ (၃) ဦး ဒဏ်ရာပြင်းထန်စွာရရှိ

ရန်ကုန်မြို့၊ ဒလ-တွံတေး လမ်းမအနီးတစ်ဝိုက်မှယမန်နေ့ည (၉) နာရီဝန်းကျင်က အရက်သေစာ သောက်စားထားသည်ဟု ယူဆရတဲ့ ယာဉ်မောင်းတစ်ဦးဟာ လမ်းတစ်လျှောက် ဆက်တိုက်ဆိုသလို ယာဉ်တိုက်မှုများ ကျူးလွန်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး လူ (၃) ဦး စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးရုံတင်ပို့ထားရတဲ့ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ အဆိုပါ မော်တော်ယာဉ်ဟာ စက်မြေရပ်ကွက် လမ်းမပေါ်မှာ ပထမဦးဆုံး ယာဉ်တိုက်မှု စတင်ဖြစ်ပွားခဲ့တာပါ။ ထိုသို့တိုက်မိပြီးနောက် အရေးယူခံရမှာကို စိုးရိမ်တာကြောင့် ထွက်ပြေးမောင်းနှင်ရာမှ ဗိုလ်ရန်ပြေရပ်ကွက် အရောက်မှာတော့ လမ်းဘေးမှာ ဘုရားပန်းရောင်းချနေတဲ့ အံ့ကြီးအနောက်ရပ်ကွက်မှ ဇနီးမောင်နှံနှစ်ဦးကို ထပ်မံတိုက်မိခဲ့ပါတယ်။

အဆိုပါ ဇနီးမောင်နှံနှစ်ဦးစလုံးဟာ လက်ရှိမှာတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ် ကုသမှုခံယူနေရပါတယ်။

ယာဉ်မောင်းဟာ ရပ်တန့်ခြင်းမရှိဘဲ ဒလ-တွံတေး လမ်းမကြီးကို ဖြတ်ကျော်ကာ အောင်မင်္ဂလာရပ်ကွက်၊ ရှင်စောပုလမ်းနဲ့ ၆ လမ်းထိပ်အရောက်မှာတော့ လမ်းလျှောက်လာတဲ့ မောင်နှမနှစ်ဦးကို တတိယအကြိမ် ထပ်မံတိုက်မိခဲ့ပြန်ပါတယ်။

အဆိုပါ တိုက်မိမှုကြောင့် အသက်မပြည့်သေးတဲ့ မောင်ဖြစ်သူမှာ အခင်းဖြစ်နေရာမှာတင် ပွဲချင်းပြီး ဆုံးပါးသွားခဲ့ရပြီး အစ်မဖြစ်သူမှာလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံတင်ပို့ထားရပါတယ်။

လက်ရှိမှာတော့ သက်ဆိုင်ရာ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ယာဉ်မောင်းနဲ့ ယာဉ်တိုက်မှုမှာ ပါဝင်သူတွေရဲ့ အမည်စာရင်း အသေးစိတ်ကိုတော့ ဆက်လက်အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

မဆင်မခြင် မောင်းနှင်မှုကြောင့် အပြစ်မဲ့တဲ့ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် မိသားစုနဲ့အတူ ထပ်တူ ဝမ်းနည်းရပါတယ်ဗျာ။

ပရိသတ်ကြီးတို့အနေနဲ့လည်း ညဘက် လမ်းသွားလမ်းလာပြုတဲ့အခါမှာရော၊ ကားမောင်းတဲ့အခါမှာပါ အထူးသတိထားကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ဗျ။


Leave a Reply

Your email address will not be published. Required fields are marked *