စက်သုံးဆီ ပြင်ပပေါက်ဈေး တစ်လီတာ ၉,၀၀၀ ကျပ်အထိ မြင့်တက်

စက်သုံးဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာပြီး ပြင်ပပေါက်ဈေး တစ်လီတာ ၉,၀၀၀ ကျပ်အထိ မြင့်တက်၊ ကဏ္ဍစုံတွင် အကျပ်အတည်းဆိုက်နေ

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီ အကျပ်အတည်းနှင့်အတူ မြန်မာနိုင်ငံရှိ စက်သုံးဆီဆိုင်အချို့တွင် ဆီပြတ်လပ်မှုများ စတင်ဖြစ်ပေါ်နေပြီး ပြင်ပပေါက်ဈေးမှာ တစ်လီတာလျှင် ကျပ် ၉,၀၀၀ ခန့်အထိ ရှိလာကြောင်း သိရသည်။

စက်သုံးဆီဆိုင်အချို့ကို လွန်ခဲ့သည့် နှစ်ရက်ခန့်မှစတင်ကာ ပိတ်ထားရကာ အချို့ဆိုင်များတွင် ဓာတ်ဆီသာရရှိပြီး ဒီဇယ်ပြတ်လပ်နေသဖြင့် ပြင်ပမှ ခိုးယူရောင်းချသည့် ပေါက်ဈေးမှာ တစ်လီတာ လျှင် ကျပ် ၇,၀၀၀ မှ ၉,၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း တက္ကစီမောင်းသူများ ထံမှသည်။

စစ်ကော်မရှင်သည် စက်သုံးဆီ ချွေတာရေးအတွက် QR Code စနစ်ဖြင့် ကားများ အပြင် လိုင်စင်ရှိ ဆိုင်ကယ်၊ သုံးဘီများကိုတစ်ရက်လျှင် တစ်ကြိမ် ဆီဖြည့်ခွင့်ပြုထားသော်လည်း လုံလောက်မှုမရှိ ကြောင်း သိရသည်။

“ကျွန်တော်တို့ တက္ကစီတွေက လှိုင်သာယာနဲ့ မအူပင်၊ တွံတေး၊ ကွမ်းခြံကုန်း အသွားအပြန်ဆွဲနေတာ။ ဆီက လေးသောင်းဖိုးပဲ ရတော့ မလောက်ဘူး။ ဆီဂိတ်တံကိုပဲ ကြည့်မောင်းနေရတယ်။ အပြင်က ဝယ်ထည့်ရင်လည်း ဈေးကြီးရုံတင်မကဘူး ဝယ်လို့တောင် မရဘူး။ အဲဒီတော့ ကားခတွေက အရင်ထက် ကျပ် ၁,၅၀၀ နဲ့ ၂,၀၀၀ လောက် ဈေးတက်ရတော့မယ်” ဟု ရန်ကုန်မြို့ခံ တက္ကစီမောင်းသူတစ်ဦးက ပြောသည်။

အလားတူ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ဆိုင်ကယ်ကယ်ရီများမှာလည်း ပြင်ပမှ ဆီဝယ်သုံး နေရသဖြင့် အနီးနား ငှားရမ်းခများမှာ ကျပ် ၁,၀၀၀ မှ ၁,၅၀၀ အထိ မြင့်တက်လာသည်။

“ဆိုင်ကယ် အစီး ၁၀၀ မှာ ၁၀ စီးလောက်ပဲ လိုင်စင်ရှိတာ။ ကျန်တာ အကုန် တရားမဝင်အောင် လုပ်ထားတာ။ ဆီဆိုင်က ညနေ ၅ နာရီမှ ဖွင့်မှာကို ညနေ ၄ နာရီကတည်းက သွားစီရတယ်။ အိမ်ယာ၊ ခြင်ထောင်နဲ့ လာစောင့်နေတဲ့သူတွေတောင် ရှိတယ်။ အနည်းဆုံး တစ်နာရီကျော် စောင့်ရတယ်” ဟု ဘေးတွဲကယ်ရီမောင်းသူတစ်ဦးက ပြောသည်။

အခြေခံ ကယ်ရီသမားများ ဆီဝယ်ယူရန် ခက်ခဲနေချိန်တွင် အချို့သော မော်တော်ယာဉ်ပိုင်ရှင်များက မိမိတို့ရရှိသည့် ဆီကို ပြန်ထုတ်ကာ တစ်လီတာ ၉,၀၀၀ ကျပ်အထိ ဈေးတင်ရောင်းစားမှုများလည်း ရှိနေသည်။

ယခုကဲ့သို့ စက်သုံးဆီ အကျပ်အတည်းကြောင့် ကားခဈေးတက်ခြင်း၊ ရေသန့်လုပ်ငန်းများ ဈေးတက် ခြင်းနှင့် အိမ်အရောက်ဝန်ဆောင်မှု (Delivery) လုပ်ငန်းအချို့ ရပ်နားရခြင်းတို့အပါအဝင် ကဏ္ဍပေါင်းစုံတွင် အခက် အခဲများ ကြုံတွေ့နေရပြီဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *