အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်သူများ၊ CDM ဝန်ထမ်းများနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိထားသူများကို နိုင်ငံကူးလက်မှတ် (Passport)များ ထုတ်မပေးရန် တားမြစ်ပိတ်ပင်သည့် “မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ” အသစ်တစ်ရပ်ကို မတ်လ ၁၇ ရက် ညပိုင်းတွင် ထုတ်ပြန်ပြဋ္ဌာန်းလိုက်သည်။

အဆိုပါဥပဒေသစ်၏ ပုဒ်မ ၂၉ တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ငြင်းပယ်နိုင်သည့် အချက်အလက်များကို ထည့်သွင်းထားရာ အထူးသဖြင့် ပုဒ်မခွဲ (စ) ပါ “နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးစီးပွားကို နှောင့် ယှက်ဖျက်ဆီးနိုင်သည်ဟု ယူဆရသူဖြစ်ခြင်း” ဆိုသည့် အချက်မှာ CDM များနှင့် နိုင်ငံရေးအရ ဆန့် ကျင် သူများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်ထဲရေးသတင်းရင်းမြစ်က “အရင်တုန်းကတော့ ဒါတွေကို ညွှန်ကြားချက်အဆင့်နဲ့ပဲ တားမြစ်ခဲ့တာပါ။ အခုကတော့ ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တာဖြစ်တဲ့အတွက် CDM တွေနဲ့ နိုင်ငံရေးပုဒ်မနဲ့ အရေးယူခံထားရသူတွေဟာ ပုဒ်မ ၂၉ (စ) နဲ့ ငြိစွန်းပြီး ပတ်စ်ပို့ထုတ်ယူခွင့် တိတိကျကျ တားမြစ်လိုက်တာ” ဟု ပြောဆိုသည်။

ယင်းဥပဒေတွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများ၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ စည်းကမ်း သတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ရထားသော်လည်း သတ်မှတ်ကာလ မပြည့်သေးသူများ၊နိုင်ငံသားအခွင့်အရေး: နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူများ၊ ပြည်ပမှ ပြန်လည်ပို့ဆောင်ခံရသူများ၊ ပြည်ပနိုင်ငံတစ်ခုခု၏ ဥပဒေကို ဖောက်ဖျက်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် (Deport) ခံရသူများ၊ အမည်ပျက်စာရင်း (Blacklist)၊ ပြည်တွင်း/ပြည်ပတွင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူခံထားရသူများကိုလည်း နိုင်ငံကူးလက်မှတ်ထုတ်မပေးရန် တားမြစ်ထားသည်။

ပြည်ထဲရေး ဒုဝန်ကြီးဦးဆောင်သော နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ပတ်စ်ပို့ အသစ်ထုတ်ပေးရန် ငြင်းပယ်နိုင်သည့်အပြင် ထုတ် ပေးပြီးသား ပတ်စ်ပို့များကိုလည်း အချိန်မရွေး ပယ်ဖျက် (Cancel/Revoke) လုပ်ပိုင်ခွင့် အပြည့်အဝရှိကြောင်း ပြဋ္ဌာန်းထားသည်။

ထို့အပြင် နိုင်ငံကူးလက်မှတ်ကို မမှန်ကန်သောနည်းလမ်းဖြင့် လျှောက်ထားခြင်း သို့မဟုတ် အတုပြုလုပ်ခြင်းများအတွက် အနည်းဆုံး ထောင်ဒဏ် ၃ လမှ အများဆုံး ၅ နှစ်အထိ ပြင်းထန်စွာ ချမှတ်သွားမည်ဖြစ်ကြောင်း ဥပဒေအရ သိရှိရသည်။

မင်းအောင်လှိုင်၏ ဥပဒေသစ်အရ ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် လ၀ကတွင် UDI မှတ်ပုံတင်ထားခြင်းမရှိပါက မြန်မာနိုင်ငံသို့သာ မဖြစ်မနေ ပြန်၍ ပတ်စပို့စ် သက်တမ်းတိုးရမည်

အကြမ်းဖက် မင်းအောင်လှိုင်က ပြဋ္ဌာန်းလိုက်သော နိုင်ငံကူးလက်မှတ် ဥပဒေသစ်အရ ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံးအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာတွင် လ၀ကတွင် UDI-Unique Identification Number (ကိုယ်ပိုင်သက်သေခံလက်မှတ်) မှတ်ပုံတင်ထားခြင်းမရှိပါက မြန်မာ နိုင်ငံသို့သာ ပြန်၍ ပတ်စပို့စ် သက်တမ်းတိုးရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၇ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံကူးလက်မှတ် ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး အဆိုပါ ဥပဒေသစ်အရ ပြည်ပ ရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာတွင် လ၀ကတွင် မှတ်ပုံတင်ထားသော UDI ကိုယ်ပိုင် သက်သေခံ လက်မှတ် ရှိရမည်ဖြစ် ကြောင်း ၊ အဆိုပါ UDI ကိုယ်ပိုင်သက်သေခံလက်မှတ် မရှိပါက ပြည်တွင်းသို့ ပြန်၍ သက်ဆိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင် UDI ကို လျှောက်ထားရမည်ဖြစ်ကြောင်း၊ ပြည်ပသံရုံးများတွင် UDI ကိုယ်ပိုင်သက်သေခံလက်မှတ်ကို လုပ်ဆောင်၍ မရဘဲ မိမိနေထိုင်ရာမြို့နယ်လ၀ကရုံးများတွင်သာ UDI ကို လုပ်ဆောင်နိုင်ကြောင်း သိရှိရသည်။

“အခု နိုင်ငံကူးလက်မှတ်အသစ်ပဲလုပ်လုပ်၊ သက်တမ်းတိုးပဲဖြစ်ဖြစ် လျှောက်ဖို့အတွက် ဥပဒေသစ်အရ UDI ကိုယ်ပိုင်သက်သေခံလက်မှတ် မဖြစ်မနေ ရှိမှသာလျှောက်ထားခွင့်ရှိမှာဖြစ်ပါတယ်။ UDI လုပ်ငန်းစဉ်တွေက ၂၀၂၂ ခုနှစ်၊ ၂၀၂၃ ခုနှစ်လောက်မှ တွင်တွင်ကျယ်ကျယ် လုပ်တာပါ။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ဆိုရင်တော့ UDI ရှိမှ ရမှာဖြစ်ပါတယ်။ UDI မရှိရင်တော့ ပြည်တွင်းကို ပြန်လာပြီး သက်ဆိုင်ရာ မိမိနေထိုင်ရာ မြို့နယ် လ၀ကရုံးမှာ UDI မှတ်ပုံတင်ပြုလုပ်ရမှာဖြစ်ပါတယ်။ UDI မရှိရင် ပြည်ပသံရုံးတွေကလည်း နိုင်င်ငံကူးလက်မှတ် သက်တမ်းတိုးပေးလို့မရတော့ပါဘူး” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိက ရှင်းပြသည်။

နိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ၏ ပုဒ်မ ၇ ၊ ပုဒ်မ ခွဲ (က)၊ ပုဒ်မခွဲ (၅) တွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်း အပါအဝင် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းများအတွက် ကိုယ်ပိုင်သက်သေခံလက်မှတ် (UDI-Unique Identification Number) တင်ပြရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပြည်ပနိုင်ငံများရှိ သံရုံးများ၊ ကောင်စစ်ဝန်ရုံးများသည် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးခြင်း အပါအဝင် နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းများအတွက် နေပြည်တော်ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအဖွဲ့ထံတွင်သာ ပြန်လည် ခွင့်ပြုချက်တောင်း ယူရမည်ဖြစ်ကြောင်း၊ ပြည်ပရှိ မြန်မာသံရုံးများက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် ထုတ်ပေးခြင်းများကို ဥပဒေသစ်တွင် နေပြည်တော်၏ ခွင့်ပြုချက်မရှိဘဲ နိုင်ငံကူးလက်မှတ် ထုတ်ပိုင်ခွင့်၊ သက်တမ်းတိုးပေး လုပ်ပိုင်ခွင့်များကို တားမြစ်ထားသည်။

ယင်းအပြင် နိုင်ငံကူးလက်မှတ်များကို အီလက်ထရောနစ် ပတ်စ်ပို့ပြောင်းလဲပါကလည်း ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံး ပြည်တွင်းသို့ပြန်၍သာ အီလက်ထရောနစ် ပတ်စ်ပို့ ပြန်လည်လျှောက် ထား ရ မည်ဖြစ်ကြောင်း၊ အီလက်ထရောနစ်ပတ်စ်ပို့ ထုတ်ပေးခြင်းကို နေပြည်တော်ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက တိုက်ရိုက်ထိန်းချုပ်ထားကြောင်း သိရှိရသည်။

“အီလက်ထရောနစ် ပတ်စပို့ကတော့ ၂၀၂၇ ခုနှစ် မှာ စတင်မယ်လို့ သိထားပါတယ်။ အခုကတော့ ပြင်ဆင်နေတုန်းပါပဲ။ တကယ်လို့ အီလက်ထရောနစ်ပတ်စ်ပို့စတင်မယ်ဆိုရင်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ပြည်တွင်းကို ပြန်လာပြီး လျှောက်ထားရမှာပါ။ ပြည်ပသံရုံးတွေမှာ အီလက် ထရောနစ်ပတ်စ်ပို့ ထုတ်ပေးလို့ မရနိုင်ပါဘူး” ဟု ပြည်ထဲရေးအရာရှိက ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်က နိုင်ငံကူးလက်မှတ်မမှန်မကန်လျှောက်ထားခြင်း၊ အတုပြုလုပ်ခြင်း၊ တစ်ပါးသူ ၏ နိုင်ငံကူးလက်မှတ်ကို သုံးစွဲခြင်းများအတွက် အနည်းဆုံးထောင်ဒဏ် ၃ လမှ အများဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။


Leave a Reply

Your email address will not be published. Required fields are marked *