ကပစ(၂၁)ကို သွယ်တန်းထားတဲ့ မီးတိုင်တွေကို ပြုပြင်ပြီး ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရ

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်၊ စီဆွဲကျေးရွာမှာ ၃ လနီပါး အထိုင်ချတပ်စွဲထားတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကော်မရှင် စစ်ကြောင်းအတွက် ရိက္ခာလာပို့တဲ့ ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပကဖ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စလင်းမြို့နယ် တညောင် လျှပ်စစ်ဓာတ်အားခွဲရုံကနေ ကပစ(၂၁)ကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးတိုင်တွေကို တော်လှန်ရေးအဖွဲ့တွေက ဖောက်ခွဲဖျက်ဆီးထားရာ ပြုပြင်ဖို့အတွက် စီဆွဲကျေးရွာမှာ အင်အား ၃၀၀ ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့ အဆိုပါစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေ့စဉ်နီးပါး အပြန်အလှန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အဆိုပါစစ်ကြောင်းကို ရိက္ခာလာပို့တဲ့ စစ်ကော်မရှင်တပ် ယာဉ်တန်းကို လမ်းပိုင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာထွက်ပြေးသွားကာ မိုင်းနင်းမိပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၁၆ ရက်နေ့မှာလည်း ၃ လကြာ အထိုင်ချတပ်စွဲထားပြီး ဓာတ်တိုင်တွေကို ပြုပြင်နေတဲ့ အဆိုပါစစ်ကြောင်း ပြန်လည်ဆုတ်ခွာလာစဉ် စလင်း (ပကဖ) ဇုန် ၃ နဲ့ ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးနဲ့ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ကိုယ်လက်အင်္ဂါ ထိခိုက်ပျက်စီးမှုတွေနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ တပ်စွဲခဲ့တဲ့ ကျေးရွာတွေကို တော်လှန်ရေးအဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန် ခြေနင်းမိုင်း ၃၀ ခန့်ကို တူးဖော်ရရှိခဲ့ပြီး ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူသုံးစွဲထားတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို စလင်းမြို့နယ်(ပကဖ)၊ စလင်းမြို့နယ်(ပကဖ) ဇုန် ၃၊ မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်း၊ Ayar Brother LPDF နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *