မူဆယ်တွင် စစ်ကောင်စီတပ်ထိပ်ပိုင်း ပြောင်းလဲပြီးနောက် ကျားဖြန့်နှင့် လောင်းကစားရုံများကို ဝင်ဖမ်း

ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့မှ တပ်ထိပ်ပိုင်းကို အပြောင်းအလဲ ပြုလုပ်ပြီးနောက် ကျားဖြန့် နှင့် လောင်းကစားရုံများကို ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြောင်းအလဲကို မတ် ၁၈ ရက်က စတင်ပြုလုပ်ခြင်း ဖြစ်ပြီး ရဟတ်ယာဥ်များ အဆင်းအတက်မှာ ယနေ့ မတ် ၂၀ ရက်အထိ ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

“ခေါင်းပေါင်းတွေ ပြောင်းတော့ ထုံးစံအတိုင်း အဖမ်းပြတာပေါ့။ ရဲနဲ့ အခြားသူတွေလည်း ပြောင်းတယ်၊ အဓိက ဗိုလ်မှူးကြီး နိုင်မျိုးထွန်း ပြောင်းသွားတာပဲ။ အသစ်ပြောင်းလာတာတော့ မသိသေးဘူး” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ထို့နောက် ဖမ်းဆီးမိ တရုတ်နိုင်ငံသားများကို လဝကမှ စိစစ်ရေး ပြုလုပ်နေကြောင်းနှင့် ဦးရေ မည်မျှ ဖမ်းမိသည်ကိုမူ မသိဟု ဆိုသည်။

မူဆယ်မြို့ပေါ် ၉ ရပ်ကွက်အနက် ယမန်နေ့နှင့် ယနေ့တွင် မင်္ဂလာမူဆယ်ရပ်ကွက်၊ တော်ရွက်ရပ်ကွက်များ၌ ကျားဖြန့်နှင့် လောင်းကစားရုံ ၃ ခုမှ တရုတ်နိုင်ငံသားများကို ပိတ်ဆို့ ဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *