ဟော်မုဇ်ရေလက်ကြားကို “ဖွင့်လှစ်ပေးရေး” ၌ ကူညီခြင်း မရှိတဲ့ နေတိုးမဟာမိတ်တွေကို “သူရဲဘောကြောင်သူတွေ” ဟု ပြောထားသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရှေ့အလယ်ပိုင်းဆီ စစ်သင်္ဘောသုံးစင်းနဲ့ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ထပ်မံ စေလွှတ်ရန် ပြင်ဆင်နေကြောင်း သတင်းများအရ သိရသည်။
အီရန်အစိုးရအနေဖြင့် ရေလက်ကြားကို ပြန်ဖွင့် ပေးလာအောင် ဖိအားပေးရန် အီရန်၏ မဟာဗျူဟာ အရေးပါသော ခါ့ဂ်ကျွန်းကို သိမ်းပိုက်ခြင်း သို့မဟုတ် ပိတ်ဆို့ရန် အစီအစဉ်ကို အမေရိကန်က စဉ်းစားနေကြောင်းလည်း သိရသည်။
ယင်းကို တုံ့ပြန်သည့်အနေဖြင့် အီရန်စစ်တပ်က အမေရိကန်နှင့် အစ္စရေးအရာရှိများ၊ စစ်ဗိုလ်ချုပ်များကို ကမ္ဘာလှည့်ခရီးသွားနေရာများ အပါအဝင် ကမ္ဘာ့ မည်သုည့်နေရာမှာမဆို လိုက်လံ “ရှင်းလင်း” မည်ဟု ခြိမ်းခြောက်ပြောဆိုသည်။
“အခုအချိန်ကစပြီး ကမ္ဘာပေါ်မှာရှိတဲ့ အပန်းဖြေစခန်းတွေ၊ ကမ်းခြေတွေနဲ့ ဖျော်ဖြေရေးစင်တာတွေဟာ ခင်ဗျားတို့အတွက် လုံခြုံတော့မှာ မဟုတ်ဘူး” ဟု အီရန်လက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဘော့ဖာဇီ ရှီကာချီက နိုင်ငံပိုင်ရုပ်သံမှတဆင့် ပြောသည်။
သမ္မတထရမ့်ကမူ သုံးပတ် ကြာမြင့်ပြီဖြစ်သော စစ်ပွဲ၌ အမေရိကန်က အသာစီးရနေသည် ဆိုကာ အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို ပယ်ချထားသည်။ “ကျွန်တော် အပစ်အခတ်ရပ်စဲရေး မလုပ်ချင်ဘူး၊ တဖက်လူကို အပြတ်အသတ် ချေမှုန်းနေချိန်မှာ အပစ်အခတ် ရပ်စဲရေး မလုပ်ကြဘူးဆိုတာကိုတော့ သိကြမှာပါ” ဟု ၎င်းက သတင်းထောက်များအား ပြောသည်။
ခါ့ဂ်ကျွန်းကို သိမ်းပိုက်ရေး အစီအစဉ်ကမူ ထရမ့် ယခင်က ပြောထားသည့် “မြေပြင်တပ်ဖွဲ့တွေ အသုံးမပြုလိုဘူး” ဆိုသော စကားနှင့် ဖီလာဆန့်ကျင်နေသည်။ ထို ကျွန်းကို သိမ်းပိုက်ရန် ကြိုးပမ်းခြင်းက အန္တရာယ် အလွန်များပြီး အမေရိကန်တပ်ဖွဲ့ဝင်များအား အီရန်၏ ဒရုန်းနှင့် ဒုံးကျည် တိုက်ခိုက်မှုများအောက် တိုက်ရိုက် ရောက်ရှိသွားစေနိုင်သည်။
ခါ့ဂ်ကျွန်းမှာ အီရန် ရေနံတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ထုတ်လုပ်နေသည့် နေရာဖြစ်သည်။ ထိုသို့ အရေးပါသော မဟာဗျူဟာမြောက် ဒေသကို သိမ်းပိုက်ရန် ကြိုးစားလာခြင်းအား အီရန်ဘက်က အပြင်းအထန် ခုခံလိမ့်မည်က မြေကြီးလက်ခတ် မလွဲပဲဖြစ်သည်။
ထရမ့်က နေတိုးကိုလည်း ဝေဖန်ပြစ်တင်ရာတွင် “အမေရိကန်မပါရင် နေတိုးဆိုတာ စက္ကူကျားပဲ၊ အခု စစ်ရေးအရ နိုင်နေပြီ ဖြစ်ပေမဲ့ သူတို့က ရေနံ ဈေးတက်တာကိုပဲ ညည်းညူနေကြပြီး ဟော်မုဇ်ရေလက်ကြား ဖွင့်ဖို့တော့ အကူအညီ မရကြဘူး၊ လူကြောက်တွေပါ၊ ဒါကို မှတ်ထားမယ်” လို့ ရေးသားခဲ့သည်။


Leave a Reply