အီရန်ရဲ့ စစ်သုံးဒရုန်းတွေ တည်ဆောက်မှုဟာ မြန်မာနိုင်ငံက ကုမ္ပဏီ တစ်ခုနဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း Conflict Armament Research (CAR)ရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တစ်ခုက ညွှန်ပြနေပါတယ်။

အီရတ်-ဆီးရီးယား နယ်စပ်မှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှု တစ်ခုအပြီး သိမ်းဆည်းရမိတဲ့ ဒရုန်းအပျက်အစီးတွေထဲက မော်တာတစ်လုံးဟာ မြန်မာနိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခုနဲ့ ပတ်သက်နေတယ်လို့ CARက ဆိုပါတယ်။ ဒါဟာ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ၊ ပို့ကုန် ကန့်သတ်မှုတွေ အပြင်းအထန် ခံထားရတဲ့ နိုင်ငံနှစ်ခုကြားမှာ အပြန်အလှန် ကုန်သွယ် ဖလှယ်မှုတွေ ရှိနေတယ်ဆိုတဲ့ အချက်ကို အတည်ပြုပေးခဲ့ကြောင်း CA Rက သုံးသပ်ခဲ့ပါတယ်။

အဲဒီ မော်တာကို ထုတ်လုပ်တဲ့ ဂျပန်ကုမ္ပဏီကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ CARက ဆက်သွယ်ပြီး ကုမ္ပဏီရဲ့ ထုတ်ကုန်ဟာ စစ်ရေးရည်မှန်းချက်တွေအတွက် တလွဲ အသုံးချမှု ခံနေရကြောင်း အသိပေးခဲ့ပါတယ်။ ဂျပန်ကုမ္ပဏီရဲ့ ပူးပေါင်းမှုနဲ့အတူ CARဟာ အဲဒီ မော်တာကို လက်ပြောင်းလက်လွှဲ လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို ခြေရာခံနိုင်ခဲ့ပါတယ်။

CARရဲ့ အဆိုအရ ဂျပန် ကုမ္ပဏီဟာ လျှပ်စစ်မော်တာ အလုံးပေါင်း ၁၃၀ ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတုန်းက ဟောင်ကောင် အခြေစိုက် ဖြန့်ဝေရေး ကုမ္ပဏီဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီကနေတဆင့် မြန်မာနိုင်ငံ အခြေစိုက် Synpex Shwe လီမိတက်ဆိုတဲ့ ကုမ္ပဏီဆီ ရောင်းချခဲ့ကြောင်း သိရပါတယ်။ အဲဒီ ကုမ္ပဏီကို SS Technologyလို့လည်း ခေါ်ပါတယ်။

ဟောင်ကောင်ကနေ Synpexဆီကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း အဲဒီလို မော်တာတွေ တင်ပို့ပေးမှု ၅ ကြိမ်ရှိခဲ့ပြီး စုစုပေါင်း မော်တာ ၃၀၀ ကျော်ကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဟောင်ကောင်မှာရှိတဲ့ ဖြန့်ချိရေး ကုမ္ပဏီကို အီရန်လုပ်ငန်းရှင်တွေကလည်း ရှယ်ယာ ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဟောင်ကောင်နဲ့ တရုတ်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ပါဝင် ရင်းနှီးမြှုပ်နှံထားပါတယ်။ အဲဒီ ရှယ်ယာပိုင်ရှင် လုပ်ငန်းတွေရဲ့ လိပ်စာတစ်ခုဟာ အီရန်မှာ မှတ်ပုံတင်ထားတဲ့ သင်္ဘောကုမ္ပဏီ တစ်ခု ဖြစ်နေပါတယ်။ နောက်ပြီး ၂၀၁၁ ကတည်းက အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုကို ခံထားရတဲ့ အီရန်လေကြောင်းလိုင်း Mahan Airကလည်း အဲဒီ ကွန်ရက်နဲ့ ပါဝင် ဆက်စပ်နေပါတယ်။

CARက ဒီကိစ္စနဲ့ ပတ်သက်ပြီး Synpexဆီကို အီးမေးလ်နဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီ မော်တာတွေဟာ မြန်မာနိုင်ငံထဲမှာတော့ ဒရုန်းတွေ တည်ဆောက်ရေးအတွက် လက်နက်အဖြစ် တလွဲ အသုံးချခံရတဲ့ အထောက်အထား မတွေ့ခဲ့ကြောင်း CARက ဆိုပါတယ်။

၂၀၂၃ ခုနှစ်မှာ ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဆီက ထုတ်ပြန်ချက် တစ်စောင်အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ရုရှားဆီက လက်နက်တွေကို မြန်မာနိုင်ငံဆီ တင်သွင်းနေတဲ့ ကုမ္ပဏီ ၇ ခုထဲမှာ Synpexလည်း ပါဝင်ကြောင်း သိရပါတယ်။

Synpexဆီကနေ အီရန်ကို ရောက်ရှိသွားတဲ့ မော်တာတွေထဲက နောက်ထပ်တစ်လုံးကိုတော့ အရှေ့အလယ်ပိုင်း ဒေသတွင်းက အီရန်နဲ့ အဆက်အသွယ်ရှိတဲ့ လက်နက်ကိုင် အစုအဖွဲ့ တစ်ခုရဲ့ ဒရုန်းမှာ အသုံးပြုထားတာကို တွေ့ရှိခဲ့ကြောင်း CARက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီး အီရန်နဲ့ ဒရုန်းနည်းပညာပိုင်းဆိုင်ရာ စက်ပစ္စည်း အစိတ်အပိုင်းတွေ ဝေမျှမှုတွေ ရှိခဲ့ကြောင်း အရင်ကလည်း အချက်အလက်တချို့ တွေ့ရှိဖူးပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက မြန်မာစစ်တပ်ရဲ့ ဒရုန်းတွေမှာ အသုံးပြုဖို့ အီရန်လုပ် MADO-550 ပစ္စတန် အင်ဂျင်တွေကို ပေးပို့ခဲ့ဖူးပါတယ်။ အဲဒီ အင်ဂျင်တွေကို အီရန်ရဲ့ လူသိများတဲ့ Shahed-136 ဒရုန်းတွေမှာလည်း တပ်ဆင်လေ့ရှိပြီး အခုအခါ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရတဲ့ Oje Parvaz Mado Nafarဆိုတဲ့ အီရန် ကုမ္ပဏီက ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေကြောင့် စစ်လက်နက် ပစ္စည်း ဝယ်ယူမှုတွေမှာ အကန့်အသတ် ကြီးကြီးမားမားတွေ ကြုံနေတဲ့ အခြေအနေမှာ အီရန်နဲ့ မြန်မာတို့ဟာ အခုလိုမျိုး သိုသိုသိပ်သိပ်နဲ့ လက်နက် အစိတ်အပိုင်းတွေ ဆက်လက် ကုန်သွယ်နေနိုင်တာဖြစ်ကြောင်းလည်း CARက သုံးသပ်သွားခဲ့ပါတယ်။

ကိုးကား/ဓာတ်ပုံ – Conflict Armament Research


Leave a Reply

Your email address will not be published. Required fields are marked *