စစ်တပ်ကစက်သုံးဆီခွဲတမ်းပုံစံသစ် ထပ်မံသတ်မှတ်ပြန် ၊နှစ်ပတ်ကျော်အတွင်းလေးကြိမ်ပြောင်း
စစ်တပ်က စက်သုံးဆီခွဲတမ်းပုံစံသစ်ကို ဒီကနေ့(မတ်လ ၂၂ ရက်)မှာ ထပ်မံထုတ်ပြန်လာပါတယ်။
ဒါဟာ ၁၆ ရက် (နှစ်ပတ်ကျော်)အတွင်း စက်သုံးဆီနဲ့ပတ်သက်လို့ စစ်တပ်ရဲ့ သတ်မှတ်ချက် လေးကြိမ်မြောက်လည်း ဖြစ်ပါတယ်။
စက်သုံးဆီဝယ်ယူရာမှာ ပိုအဆင်ပြေစေဖို့ဆိုပြီး ယာဥ်ရဲ့စက်စွမ်းအား(အင်ဂျင်ပါဝါ)ပေါ်မူတည်ကာ တစ်ပတ်အတွင်းဝယ်ယူခွင့်ရှိတဲ့ ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်းတစ်ကြိမ်တည်းဖြစ်စေ အများဆုံးနှစ်ကြိမ်ဖြစ်စေ ဝယ်ယူနိုင်မယ့်စနစ်ကို Wheel Tax(ယာဥ်သက်သေခံလက်မှတ်)ရဲ့ Bar code နဲ့ QR code စနစ်ထဲထည့်သွင်းမယ့် အစီစဥ်သစ်ကိုလာမယ့် ရက်သတ္တပတ်စမယ်လို့ ဆိုပါတယ်။
ဝယ်လို့ရမယ့် စက်သုံးဆီပမာဏနဲ့ ခွဲတမ်းပုံစံသစ်သတ်မှတ်ရက်အတိအကျကတော့ ထုတ်ပြန်ချက်မှာ မပါရှိပါဘူး။
“စက်သုံးဆီကဏ္ဍလည်း စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်ရောက်သွားကတည်းက တော်တော်လေးကို အခြေအနေဆိုးသွားတာ။ပုဂ္ဂလိက လုပ်ရမယ့် လုပ်ငန်းတွေကို စစ်တပ်က စိုးမိုးနေသမျှ ဒုက္ခတွေ အောက်ခြေလူတန်းစားကို ထိမှာပဲ။လုပ်ငန်းရှင်တွေ လည်း သိသိကြီးနဲ့ ပေါင်းနေကြရတာပါပဲ”လို့ ပို့ကုန်၊သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရက် ၅၀စာ အရန်စက်သုံးဆီရှိတယ်လို့ည်း ဒီကနေ့ ညပိုင်း စစ်တပ်ထုတ်ပြန်ချက်မှာ ပါရှိပေမယ့် ရန်ကုန်အပါအဝင် နယ်မြို့တွေမှာ စက်သုံးဆီရရှိရေး ခက်ခဲတာကြောင့် ညအိပ်တန်းစီရတာနဲ့ ပြင်ပစျေးကွက်မှာ စစ်တပ်သတ်မှတ်စျေးထက် သုံးဆကျော်ပေးပြီး ဝယ်ယူနေရတာတွေ ရှိနေဆဲ ဖြစ်ပါတယ်။
“အခုထိ အစမ်းသပ်ခံ ဆီဘေးဒုက္ခသည်တွေ ဖြစ်တာပေါ့။တကယ်ဆိုရင် စုံ/မ စနစ်ထဲက သူတို့ (စစ်တပ်)ရဲ့ထုတ်ပြန်ချက်ကြောင့် သွားရေးလာရေးက တော်တော် အဆင်မပြေဖြစ်နေတာ”လို့ ကမာရွတ်မြို့နယ်က မော်တော်ယာဥ်ပိုင်ရှင်အမျိုးသားတစ်ဦးက ပြောပါတယ်။
ကိုယ်ပိုင်ယာဥ် အက္ခရာ စုံ/မ အလိုက် တစ်ရက်ခြား အသုံးပြုရမယ်လို့ မတ်လ ၆ ရက်မှာ စစ်တပ်က ကြေညာခဲ့ပါတယ်။
အဲဒီနောက် မတ်လ ၁၁ ရက်မှာ ယာဥ်သက်သေခံလက်မှတ်လို့ ခေါ်တဲ့ ဝှီးတက်၊ ပိုင်ဆိုင်မှုအထောက် အထား အုံနာဘုတ်ပါမှ မော်တော်ယာဥ်တွေကို တစ်ရက်တစ်ကြိမ်သာ စက်သုံးဆီ ရောင်းချဖို့ စစ်တပ်ကသတ်မှတ်ခဲ့ပါတယ်။
ဒါ့အပြင် ဆိုင်ကယ်၊သုံးဘီနဲ့ မော်တော်ယာဥ် အမျိုးအစားအလိုက် စက်သုံးဆီရောင်းလို့ ရမယ့် ပမာဏကို မတ်လ ၁၃ ရက်က ထပ်မံသတ်မှတ်ခဲ့ပါတယ်။
နိုင်ငံရဲ့ စက်သုံးဆီလိုအပ်ချက် ၉၇ ရာခိုင်နှုန်းကို ပြည်ပက တင်သွင်းနေရတယ်လို့ စစ်တပ် စွမ်းအင်ဝန်ကြီးဌာနက မနှစ်က အသိပေးထားပါတယ်
အဲဒီ စက်သုံးဆီရရှိဖို့အတွက် အခု စစ်ပွဲတွေဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းဒေသကနေ ရေနံစည် တင်သွင်းပြီး စင်ကာပူနဲ့ မလေးရှားနိုင်ငံမှာ စက်သုံးဆီအဖြစ် အဆင်မြှင့်ပြီး မြန်မာနိုင်ငံကို ပင်လယ်ရေ ကြောင်းကနေ တဆင့်ပြန်တင်သွင်းရတာဖြစ်ပါတယ်။
လက်ရှိစက်သုံးဆီ အကြပ်အတည်းကြောင့် ပြည်တွင်းအခြေခံစားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ဆီ၊ ကြက်ဥ စျေးဟာ ၁၀ ရာခိုင်နှုန်းကျော်မြင့်တက်နေပါတယ်။
စက်သုံးဆီကို ယာဉ်စက်စွမ်းအားပေါ်မူတည်ပြီး တပတ်တကြိမ်ဖြစ်စေ၊ အများဆုံးနှစ်ကြိမ်ခွဲ၍ဖြစ်စေ ပြောင်းလဲသတ်မှတ်မည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
စက်သုံးဆီ ဝယ်ယူရာတွင် ပိုမိုအဆင်ပြေစေရန် ယာဉ်၏စက်စွမ်းအားပေါ်မူတည်ပြီး တပတ်အတွင်း ဝယ်ယူခွင့်ရှိသည့်ပမာဏကို သတ်မှတ်ပြီး တပတ်အတွင်းတစ်ကြိမ်တည်းဖြစ်စေ၊ အများဆုံးနှစ်ကြိမ် ခွဲ၍ဖြစ်စေ ဝယ်ယူနိုင်မည့်စနစ်ကို Bar code နှင့် QR စနစ်အတွင်း ထည့်သွင်းပြီး လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်မည်ဟု သိရသည်။
နိုင်ငံတော်အနေဖြင့် စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီး ပုံမှန်တင်သွင်းနေသည့်လမ်း ကြောင်းများအပြင် အခြားလမ်းကြောင်းများကိုလည်း ချိတ်ဆက်ဆောင်ရွက်ထားကြောင်း၊ ပြည်သူများ စိုးရိမ်ကြောင့်ကြပြီးဝယ်ယူခြင်း မပြုလုပ် ကြရန်နှင့် စက်သုံးဆီ ရောင်းချခြင်း မမှန်မကန် တွေ့ရှိပါက သက်ဆိုင်ရာသို့ ဖုန်းများဖြင့် တိကျစွာ တိုင်ကြားမှု ပြုလုပ်ခြင်းတို့ ဆောင်ရွက်ပေးကြရန် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
တိကျစွာတိုင်ကြားလာသည့် ဖြစ်စဉ်များကို သက် ဆိုင်ရာအရောင်းဆိုင်များသို့ သွားရောက်စစ်ဆေးကာ ရောင်းချခွင့်လိုင်စင် ပိတ်သိမ်းခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။
မတ် ၁၂ ရက်တွင် မော်တော်ယာဉ်များအတွက် Bar Code အား Scan ဖတ်ခြင်း၊ ဆိုင်ကယ်များအတွက် QR Code ထုတ်ပေးခြင်း စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တွေ့ကြုံရသည့် အခက်အခဲများအပေါ်တွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်သူလူထုအနေဖြင့် နားလည်မှုရှိစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။


Leave a Reply