စစ်ရေးအရှိန်မြင့်နေတဲ့ ကရင်နီ (ကယား) ပြည်နယ်ထဲက KTV ကာရာအိုကေဆိုင်တွေအားလုံး အပြီးပိတ်သိမ်းဖို့နဲ့ မလိုက်နာရင်အရေးယူမယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကရင်နီတပ်ပေါင်းစုံအဖွဲ့တွေက ထုတ်ပြန် အသိပေးထားပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်း မြို့နယ်တွေဖြစ်တဲ့ နန်းမယ်ခုံ၊ လွိုင်နန်းဖနဲ့ ဒီးဘောင်ခူမြို့နယ်အတွင်းမှာ ရှိနေတဲ့ ဒေသခံပြည်သူတွေ ဘေးကင်းစွာ နေထိုင်သွားလာဖို့နဲ့ တရားဥပဒေလုပ်ငန်းစဉ်တွေ ပိုလုပ်ဆောင်နိုင်ဖို့ မတ် ၁၆ ရက်ကစပြီး ကရင်နီပြည်နယ်ထဲက KTV ဆိုင်တွေအားလုံး အပြီးပိတ်သိမ်းဖို့ ထုတ်ပြန်ထားပါတယ်။

အဲဒီမြို့နယ်တွေဟာ စစ်ရှောင်အများစု နေနေကြတဲ့ မြို့နယ်တွေဖြစ်ပြီး အခုလို အပြီးပိတ်သိမ်းဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ ကရင်နီပြည်ရဲတပ်ဖွဲ့နဲ့ ကရင်နီပြည်တပ်ပေါင်းစုံအဖွဲ့တွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ လုပ်ဆောင်လိုက်တာပါ။ လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်းတာဝန်ခံက “ပထမ စထောင်တုန်းကတော့ တရုံနှစ်ရုံပဲ ရှိသေးတာ။ အဲဒါကို ပိတ်ဖို့အတွက် ကျနော်တို့ တိုင်ပင်ကြည့်တော့ ထောင်တဲ့ KTV ပိုင်ရှင်တွေက သူတို့ပြောတာကတော့ ကုန်ကျစရိတ် အရမ်းများတယ်ပေါ့နော်။ အကြွေးလည်း အရမ်းများနေပြီ၊ အရင်းလည်း ပြန်မရဘူးပေါ့။ အဲလိုပုံစံနဲ့ သူတို့ပြောထားတော့ ကျနော်တို့ မပိတ်လိုက်ရဘူး၊ မပိတ်ဖြစ်ဘူးပေါ့နော်။ အဲ့တော့ နောက်ပိုင်းတော့ တရုံပြီးတရုံ အခုတော့ ၁၀ ရုံ ဖြစ်သွားတာပေါ့။ အဲ့တော့ ပြီးခဲ့တဲ့မတ်လမှာ မတ်လ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး တပ်ပေါင်းစုကော IEC အုပ်ချုပ်ရေးကနေကော ကျနော်တို့ အပြီးပိတ်လိုက်တာပါ” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်ကနေ လက်ရှိအချိန်ထိ စစ်ရှောင်အများစုနေတဲ့ ဒီးမော့ဆိုအနောက်ခြမ်းမှာ KTV ဆိုင် ၁၀ ဆိုင်ထက်မနည်း ရှိတယ်လို့ ဒေသခံတွေက ဆက်ပြောပါတယ်။

စစ်ရေးအခြေအနေတွေနဲ့ လေကြောင်းအန္တရာယ်တွေကြောင့် ကရင်နီပြည်နယ်ရဲ့ တချို့နေရာတွေမှာ ညဘက်သွားလာတဲ့အချိန် ကန့်သတ်ထားပေမဲ့ KTV ဆိုင်တွေကနေ ညဘက် အသံဆူညံတာတွေ၊ မူးပြီး ညအချိန်မတော် ကားမဆင်မခြင်မောင်းတာတွေ၊ မူးယစ်ဆေးနဲ့ လောင်းကစားဝိုင်း ပြဿနာတွေရဲ့ နောက်ဆက်တွဲအကျိုးတွေဟာ စစ်ရှောင်မိသားစုတွေထဲမှာ ရိုက်ခတ်မှုတွေ ရှိလာနေပါတယ်။

ဒါပေမဲ့ KTV လုပ်ငန်းတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကျိုးစီးပွား ပါဝင်ပတ်သက်မှုတွေ ရှိနေတဲ့အတွက် ဒီကိစ္စ ကိုင်တွယ်ဖြေရှင်းတဲ့အပေါ်မှာ ဒေသခံတွေက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုဒေသခံတယောက်က “ပြည်သူလူထုကတော့ အယုံအကြည် အဲ့လောက်မရှိသေးဘူး။ ပိတ်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ တချို့ကျတော့ အာဏာပိုရှိတဲ့သူကျတော့ မပြောတတ်သေးဘူး။ ပြည်သူလူထုက အဲဒါတော့ စောင့်ကြည့်နေဦးမှာပဲ။ ပြောတဲ့ ပိတ်ပြီဆိုတဲ့ လေးငါးရက်လား ဆယ်ရက်လား ဒါမှမဟုတ် အဲ့ထဲမှာ ပြန်ဆိုမလား၊ တချို့ဆို ငါဘာကောင်လဲ၊ ဘယ်သူကပြောရဲလဲ ဆိုတဲ့ဟာတွေ ရှိလာခဲ့ရင်လည်း လူထုကတော့ စောင့်ကြည့်နေဦးမှာပဲလေ” လို့ ပြောပါတယ်။

KTV ဆိုင်တွေက မူးယစ်ဆေးနဲ့ လောင်းကစားပြဿနာတွေကြောင့် အိမ်တွင်းအကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်တွေ၊ လိင်အမြတ်ထုတ်ခံရတာတွေနဲ့ လိင်အရောင်းအဝယ်ကိစ္စတွေ စတဲ့ ပြဿနာ တိုင်တန်းချက်တွေကို စစ်ရှောင်မိသားစုတွေဆီကနေ ရရှိခဲ့တယ်လို့ ကရင်နီပြည်နယ်မှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတခုက မှတ်ချက်ပြုပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ကရင်နီပြည်နယ်မှာရှိနေတဲ့ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀ ကျော်က ဒီပြဿနာတွေကို မူဝါဒနဲ့အညီ ဖြေရှင်းဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

အရပ်ဘက်အဖွဲ့အစည်းတခုမှ ကိုယ်စားလှယ်တယောက်က “KTV တွေမှာ အဓိက လိင်အရောင်းအဝယ်လုပ်တဲ့ ကိစ္စရပ်တွေကို လုံးဝတားမြစ်ထားတဲ့ဟာမျိုးတွေ ဖြစ်ဖို့၊ ဒါ့အပြင် ဘယ်လိုမျိုးတွေ ရှောင်တခင် ဝင်စစ်ဆေးတဲ့ဟာမျိုးတွေ ဘယ်လိုလုပ်ဖို့ ဆိုတဲ့ဟာတွေကို အစိုးရတွေရဲ့ လုပ်ရမဲ့ လုပ်ငန်းတွေထဲမှာ ဒီဟာတွေကို ထည့်သွင်းပြီးတော့ အစီအမံတွေနဲ့ ဘယ်လိုမျိုးလုပ်မလဲ ဆိုတဲ့ဟာက ကျမတို့ သက်ဆိုင်ရာ Local Authority တွေကို စည်းရုံးလုပ်ဆောင်ဖို့ပဲ ပြန်ပြီးတော့ သွားပြီးတော့ လိုမယ်ပေါ့နော်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ KTV ဆိုင်တခုမှာ ဝန်ဆောင်မှုပေးတဲ့ အမျိုးသမီးကို လုရာက ရဲဘော်အချင်းချင်း စကားများပြီး ဆိုင်နဲ့ အနီးနားကို ၄၀ မမနဲ့ ပစ်ခတ်မှုတခု ဖြစ်ခဲ့ပါတယ်။

တော်လှန်ရေးနယ်မြေမှာ တရားဥပဒေစိုးမိုးရေးဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ စည်းကမ်းလိုက်နာမှု အပေါ်မှာ အများကြီး မူတည်နေပြီး အခု KTV ပိတ်သိမ်းတဲ့ အမိန့်ကို ကရင်နီ အုပ်ချုပ်ရေးယန္တရားက ဘယ်လောက်အထိ ထိထိရောက်ရောက် အကောင်အထည်ဖော်မလဲ ဆိုတာကတော့ မသိရသေးပါဘူး။


Leave a Reply

Your email address will not be published. Required fields are marked *