အမေရိကန်စစ်စခန်းကို တိုက်ခိုက်ခဲ့သော အီရန်နိုင်ငံလုပ် ဒရုန်းတွင် ဒုတိယဗိုလ်ချုပ်ကြီး လူအေး ၏ သားဖြစ်သူ ပါဝင်နေသော မြန်မာကုမ္ပဏီ Synpex Shwe မှ မော်တာ အစိတ်အပိုင်း ပါဝင်နေ
အီရန်နှင့်မြန်မာအကြား လက်နက်ကုန်သွယ်မှုကွင်းဆက်များ ရှိနေ
အီရတ်နှင့်ဆီးရီးယားနယ်စပ်ရှိ အမေရိကန်စစ်စခန်းကို တိုက်ခိုက်ခဲ့သော အီရန်နိုင်ငံလုပ် ဒရုန်းတွင် မြန်မာ Synpex Shwe ကုမ္ပဏီက တင်သွင်းသော မော်တာ အစိတ်အပိုင်းပါဝင်နေကြောင်း Conflict Armament Research (CAR)၏ အစီရင်ခံစာနှင့် Justice For Myanmar -JFM ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက အီရတ်-ဆီးရီးယား နယ်စပ်အနီးရှိ အမေရိကန် ဦးဆောင်သော မဟာ မိတ်တပ်ဖွဲ့ စစ်အခြေစိုက်စခန်းတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်မှုအပြီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အီရန်နိုင်ငံထုတ် Sayyad-107 ဒရုန်း (UAV) ၏ အကြွင်းအကျန်များကို သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုမှာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း အီရန်နှင့် ဆက်နွှယ်နေသည့် အီရတ်လက်နက်ကိုင် အစုအဖွဲ့များ ဖြစ်သော ‘Islamic Resistance in Iraq’ က ထုတ်ဖော် ပြောကြားခဲ့သည်။
အီရန် Sayyad-107 အမျိုးအစားသည် ကာဗွန်ဖိုင်ဘာဖြင့် ပြုလုပ်ထားသော ဆလင်ဒါပုံစံ ကိုယ်ထည်ပါရှိသည့် တစ်ခါသုံး တိုက်ခိုက်ရေးဒရုန်း ဖြစ်ပြီး အဆိုပါ တိုက်ခိုက်ရေးဒရုန်းတွင် မော်တာတစ်ခု သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါမော်တာသည် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ဂျပန်နိုင်ငံမှ ဟောင်ကောင်အခြေစိုက် ဖြန့်ချိရေးကုမ္ပဏီတစ်ခုသို့ ပို့ဆောင်ခဲ့သော ကုန်စည်တင်ပို့မှုကြီးတစ်ခု၏ အစိတ်အပိုင်းဖြစ်ပြီး၊ ဝယ်ယူသူမှာ မြန်မာနိုင်ငံမှ Synpex Shwe ကုမ္ပဏီ၏ စင်ကာပူခွဲကုမ္ပဏီဖြစ်သော Synpex Shwe Pte. Ltd. (Synergy Tripexin Pte. Ltd ဟုလည်းခေါ်)ဖြစ်သည်။ မြန်မာနိုင်ငံမှ Synpex Shwe ကုမ္ပဏီက ၂၀၂၀ ခုနှစ်၊ ဇူလိုင်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်အထိ အီရန်ဒရုန်းတွင် ပါဝင်သော မော်တော် စုစုပေါင်း မော်တာအလုံးရေ ၃၀၀ ကျော် ဝယ်ယူခဲ့သည်။
Justice For Myanmar က ၂၀၂၂ တွင် ထုတ်ဖော်ထားပြီးဖြစ်သည့်အတိုင်း Synpex Shwe ကုမ္ပဏီသည် မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများအတွက် ပစ္စည်းပေးသွင်းသူဖြစ်ပြီး စစ်တပ်၏ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ရုရှားကုမ္ပဏီ Sins Avia Trading House LLC (CNS Aviation) ထံမှ မြန်မာလေတပ်အတွက် ရဟတ်ယာဉ်အစိတ်အပိုင်းများကို ဝယ်ယူခဲ့ကြောင်း သိရှိရသည်။
Justice For Myanmar က ကြည့်ရှုရသည့် ကုန်တင်ပို့မှုမှတ်တမ်းများအရ ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း Synpex Shwe သည် ဒရုန်းကဲ့သို့သောလေယာဉ်ငယ်များတွင် အသုံးပြုဖွယ်ရှိသည့် ကိုယ်တိုင်ထိန်းချုပ်လုပ်ကိုင်နိုင်စွမ်းရှိသော ပန်ကာထိန်းချုပ်မှုစနစ်များကို တူရကီနိုင်ငံမှတစ်ဆင့် တင်သွင်းခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။
အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စု စောင့်ကြည့်ထောက်လှမ်းရေး၊ ပစ်မှတ်ရှာဖွေရေးနှင့် အရပ်သားပြည်သူများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများတွင် ဒရုန်းများကို ပိုမိုအသုံးပြုလာခဲ့သည်။
Justice For Myanmar က မှတ်တမ်းတင်ထားသော ရုရှားပို့ကုန်မှတ်တမ်းများနှင့် ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ အစီရင်ခံစာအရ Synpex Shwe သည် ရုရှားကုမ္ပဏီ Allwe Foreign Trade Company JSC ထံမှ Mi-17 ရဟတ်ယာဉ် အစိတ်အပိုင်းများ အပါအဝင် အခြား လေယာဥ်အပိုပစ္စည်းများနှင့် ရေဒီယိုအစိတ်အပိုင်းများစွာကိုလည်း တင်သွင်းခဲ့သည်။ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များတွင် မြန်မာအတွက် Allwe မှ Synpex Shwe သို့ အနည်းဆုံး တင်ပို့မှု ၂၇ ခုကို Justice For Myanmar မှ တွေ့ရှိခဲ့သည်။ Mi-17 ရဟတ်ယာဉ်များကို စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် မဆင်မခြင်လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုလျက်ရှိသည်။
၂၀၂၃ ခုနှစ်တွင် Synpex Shwe ကုမ္ပဏီကို ယူကေနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သလို၊ နောက်တစ်နှစ်တွင်လည်း အမေရိကန်ပြည်ထောင်စုက အဆိုပါကုမ္ပဏီအပေါ် ကုန်သွယ်ရေး ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ သို့ရာတွင် Synpex Shwe ကုမ္ပဏီ၏ ဒါရိုက်တာများ၊ ရှယ်ယာရှင်များနှင့် ယင်းကုမ္ပဏီကွန်ရက်တွင် ပါဝင်သော ဆက်နွှယ်ကုမ္ပဏီများ အပေါ် ယနေ့အချိန်အထိ မည်သည့်တရားစီရင်ပိုင်ခွင့်နယ်မြေတွင်မှ ဒဏ်ခတ်ပိတ်ဆို့ထားခြင်း မရှိသေးပေ။

၂၀၂၂ ခုနှစ် ဧပြီလအထိ Synpex Shwe Co. Ltd. ၏ ပိုင်ရှင်များမှာ အေးငြိမ်းဆွေ၊ လူလူချမ်းမြေ့ (ကောင်း ထက်လူအေး ဟုလည်းသိကြသူ)၊ မြတ်နှင်းဖြူ၊ ဆန်းမြင့်အောင်၊ စည်သာထိန်ဝင်း၊ ဝင်းလဲ့ဖြူနှင့် ရန်လင်းနိုင်တို့ ဖြစ်ကြသည်။
လူလူချမ်းမြေ့ (ခ) ကောင်းထက်လူအေးမှာ စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသားဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။
ယင်းကုမ္ပဏီအကြောင်း ဖော်ထုတ်ခံရပြီးနောက် Synpex Shwe သည် ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန် သိသာထင်ရှားသော ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ၎င်း၏မြန်မာကုမ္ပဏီအမည်ကို ပထမတစ်ကြိမ်တွင် SS Techniques Co. Ltd. သို့လည်းကောင်း၊ ထို့နောက် လက်ရှိအမည်ဖြစ်သော SS Tech Learn Co. Ltd သို့လည်းကောင်း နှစ်ကြိမ်တိုင် ပြောင်းလဲခဲ့သည်။ ထို့အပြင် စင်ကာပူနိုင်ငံရှိ ၎င်း၏ ကုမ္ပဏီ Synergy Tripexin Pte. Ltd., ကိုလည်း ၂၀၂၄ ခုနှစ်တွင် ပိတ်သိမ်းခဲ့သည်။
Synpex Shwe ကုမ္ပဏီကွန်ရက်အတွင်းတွင် မြန်မာစစ်တပ်၏ ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံး၌ ပစ္စည်းတင်သွင်းသူအဖြစ်မှတ်ပုံတင်ထားသူလည်းဖြစ်၊ SS Tech Learn နှင့် ဒါရိုက်တာအများအပြား ထပ်တူကျနေသော Kaung Luu Co. Ltd နှင့် ၂၀၂၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး SS Tech Learn နှင့် ဒါရိုက်တာတစ်ဦး ထပ်တူကျနေသော ထိုင်းကုမ္ပဏီ SS Affluence Co. Ltd. တို့ ပါဝင်သည်။
Synpex Shwe ကုမ္ပဏီအား ဒဏ်ခတ်ပိတ်ဆို့ပြီးနောက်ပိုင်း SS Affluence ကုမ္ပဏီသည် မြန်မာစစ်တပ်အတွက် စစ်လက်နက်ဝယ်ယူမှုများကို ဆက်လက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်က မှတ်ချက်ပြုထားသည်။
Justice For Myanmar တွင် မှတ်တမ်းတင်ထားသော ကုန်သွယ်မှုအချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ SS Affluence သည် ဗီယက်နမ်နိုင်ငံရှိ TDM Trading & Investment JSC မှ လေယာဉ်အပိုပစ္စည်းများနှင့် အိန္ဒိယနိုင်ငံရှိ Vinytics Peripherals Private Limited မှ DC မြန်နှုန်းထိန်းချုပ်စနစ် လေ့ကျင့်ရေးကိရိယာများကို တင်သွင်းခဲ့သည်။
Synpex Shwe Co., Ltd. ကုမ္ပဏီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းကို Justice For Myanmar က ကြိုဆိုသော်လည်း၊ ယင်းအရေးယူဆောင်ရွက်ချက်များကို အဆိုပါ မြန်မာကုမ္ပဏီတစ်ခုတည်းကိုသာမက ထိုင်းကုမ္ပဏီ SS Affluence အပါအဝင် Synpex Shwe ၏ ကွန်ရက်တစ်ခုလုံးနှင့် ၎င်းတို့၏ပိုင်ရှင်များ၊ ဒါရိုက်တာများအထိပါ ပိတ်ဆို့အရေးယူမှုများ ချမှတ်နိုင်ရေး တိုးချဲ့လုပ်ဆောင်ရန် Justice for Myanmar က တောင်းဆိုသည်။
ထိုင်းနိုင်ငံအစိုးရ အနေဖြင့်လည်း မြန်မာလက်နက်ပွဲစားများကို ၎င်းတို့၏နယ်မြေအတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းများကို ပိတ်ပင်တားဆီးရမည် ဖြစ်ကြောင်း၊ Mi-17 ရဟတ်ယာဉ်များနှင့် ဒရုန်းများကို စစ်အုပ်စုက ၎င်းတို့၏ နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာတွင် အသုံးပြုနေကြောင်း ယုံကြည်စိတ်ချရသည့်သတင်းများ ရရှိထားသည့် အခြေအနေတွင် အဆိုပါရဟတ်ယာဉ်များအတွက် စက်ပစ္စည်းအစိတ်အပိုင်းများကို Synpex Shwe က ဝယ်ယူထောက်ပံ့ပေးနေခြင်းသည် ထိုရာဇဝတ်မှုများကို အားပေးကူညီရာမြောက်နိုင်ပြီး၊ ယင်းအတွက် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း Justice for Myanmar က တိုက်တွန်းသည်။

တရားမဝင်စစ်အုပ်စုက ၎င်းတို့၏အကြမ်းဖက်စစ်ဆင်ရေးကို အပြစ်ပေးအရေးယူခံခြင်း အလျင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေချိန်တွင် အစိုးရများအနေဖြင့် Synpex Shwe ကွန်ရက်အပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများအပါအဝင် စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာများနှင့် လေယာဉ်ဆီ ရရှိနေမှုများကို တားဆီးပိတ်ပင်မှုများ လုပ်ဆောင်ရန်မှာ အထူးပင် အရေးကြီးလှကြောင်း JFM က ထောက်ပြသည်။
အလားတူ Conflict Armament Research (CAR) မှ စုံစမ်းစစ်ဆေးသူများသည် အီရတ်-ဆီးရီးယားနယ်စပ် တိုက်ခိုက်မှုတစ်ခုတွင် သိမ်းဆည်းရရှိခဲ့သော အီရန်လုပ် ဒရုန်း (UAV) မှ မော်တာတစ်ခုနှင့် မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုတို့အကြား ဆက်နွှယ်နေသည့် ထောက်ပံ့ရေးကွင်းဆက်ကို ဖော်ပြနိုင်ခဲ့သည်။
အဆိုပါ အစီရင်ခံစာ နိုင်ငံတကာ၏ ပြင်းထန်သော အရေးယူပိတ်ဆို့မှုနှင့် ပို့ကုန်ကန့်သတ်မှုများ ရင်ဆိုင်နေရသည့် အီရန်နှင့် မြန်မာနိုင်ငံတို့အကြားမှ ကုမ္ပဏီများ၏ ပစ္စည်းလွှဲပြောင်းမှုကွင်းဆက်ကို ရှားရှားပါးပါး ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခင်ကလည်း အီရန်လုပ် MADO-550 အင်ဂျင်များကို မြန်မာစစ်တပ်၏ ဒရုန်းများအတွက် ၂၀၂၂ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။
CAR ၏ စုံစမ်းစစ်ဆေးမှုအရ အီရန်နှင့် မြန်မာအကြား ဝယ်ယူရေးဆက်နွှယ်မှုကို ဂျပန်ထုတ်မော်တာသည် မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဆီသို့ ရောက်ရှိသွားခြင်း။ အဆိုပါ မော်တာအမျိုးအစားကို အရှေ့အလယ်ပိုင်းရှိ အခြားအီရန်ဒရုန်းများတွင်လည်း တွေ့ရှိရခြင်း၊ ဟောင်ကောင်အခြေစိုက် ကြားခံဖြန့်ချိသူသည် အီရန်နိုင်ငံသားပိုင်ဖြစ်ပြီး အီရန်သင်္ဘောလိုင်းများနှင့် ဆက်နွှယ်နေခြင် တို့ဖြစ်သည်။
CAR က ပထမဦးဆုံးအကြိမ် ဖော်ထုတ်နိုင်ခဲ့သည့် အီရန်နှင့် မြန်မာအကြား ဆက်နွှယ်မှုဖြစ်ပြီး ယင်းသည် နိုင်ငံအချင်းချင်း ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုရှိမရှိကိုမူ ဆက်လက်စောင့်ကြည့်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကြားမှ နည်းပညာများကို မည်သို့ရယူနေသလဲဆိုသည်ကို နားလည်ရန်မှာ အရေးယူပိတ်ဆို့မှုများ၏ ထိရောက်မှုကို အကဲဖြတ်ရန်အတွက် အလွန်အရေးကြီးကြောင်း ထောက်ပြထားသည်။


Leave a Reply