ဓာတ်ဆီတိုးပြီးအပြန် ကားသမား ၁ ဦး ဦးနှောက်သွေးကြော ပြတ်ကာ သေဆုံး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ တက္ကစီယာဉ်မောင်းတဦး အချိန်ကြာမြင့်စွာ စက်သုံးဆီတန်းစီပြီး အိမ်အပြန်မှာ ဦးဏှောက်သွေးကြော ပြတ်ကာ သေဆုံးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မတ် ၂၃ ရက်နေ့ မနက်အစောပိုင်း ၂ နာရီခန့်ကနေ ညလယ်ပိုင်းထိ စက်သုံးဆီရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရာက ညနေအိမ်အပြန်မှာ သွေးပေါင်ထိုးကျကာ ခေါင်းကိုက်ဝေဒနာ ခံစားရပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

“မနက် ၂ နာရီ ၃ နာရီလောက် ကတည်းက ဆီတန်းစီပြီး နေ့လယ် ပြန်လာတာ၊ ညနေ အိမ်ရောက်တော့ ခေါင်းကိုက်တယ် သွေးပေါင်တွေ ကျတယ်ဆိုပြီး ဆေးရုံကို သွားတော့ အသက် မမှီတော့ဘူး၊ တခြား ရောဂါအခံလည်းရှိတော့ ပိုဆိုးသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူဟာ ချောင်းဆုံမြို့နယ် မုဒွန်းရွာက အသက် ၄၀ အရွယ် တက္ကစီယာဉ်မောင်း အမျိုးသားတဦး ဖြစ်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်က စက်သုံးဆီဆိုင်တွေဟာ မနက် ၇ နာရီကနေ ၉ နာရီအထိ၊ ညနေ ၃ နာရီကနေ ၅ နာရီအထိသာ စက်သုံးဆီ ရောင်းချပေးတာကြောင့် စက်သုံးဆီရရှိဖို့ မနက်အစော ၂ နာရီခန့်ကနေ ကြိုတင်တန်းစီ ဝယ်ယူရတယ်လို့ သိရပါတယ်။

မွန်ပြည်မှာ ခုရက်ပိုင်း နေခင်းအပူချိန်ဟာ ၄၀ နဲ့ ၄၁ ဒီဂရီစင်တီဂရိတ် ဝန်းကျင်မှာ ရှိနေပြီး နေရောင်ခြည်ထဲ အကာအကွယ်မပါဘဲ တန်းစီစောင့်ဆိုင်းကာ ဝယ်ယူတာမျိုး မလုပ်ကြဖို့လည်း ကျန်းမာရေးဌာနတွေက ပြောဆိုထားတယ်လို့ သိရပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *