တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ခွေးသားကုန်သည်ဟု သံသယရှိရသူများလက်မှ လွတ်မြောက်လာသော ခွေးခုနစ်ကောင်သည် အဝေးပြေးလမ်းမကြီးအတိုင်း အတူတကွ ခရီးနှင်ခဲ့ကြသည်။ ၎င်းတို့၏ ကျေးရွာဆီသို့ ၁၇ ကီလို မီတာခရီးကို နှင်၍ အိမ်ပြန်လာခဲ့ကြသည့် ထိုကြည်နူးဖွယ် ဗီဒီယိုဖိုင်သည် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

တရုတ်နိုင်ငံသား လျူသည် မတ်လ ၁၆ ရက်နေ့က ကျီလင်းပြည်နယ် ချန်ချွန်းမြို့ရှိ အဝေးပြေးလမ်းမပေါ်တွင် ခွေးအုပ်စုတစု အတူ သွားနေကြသည်ကို ဗီဒီယိုရိုက်ကူးခဲ့ကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။ လျူသည် ထိုခွေးများကို ၎င်းတို့ကျေးရွာနှင့် ၁၇ ကီလိုမီတာခန့် ဝေးကွာသော အဝေးပြေးလမ်းမပေါ်တွင် စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဗီဒီယိုဖိုင်တွင် ခွေးအုပ်စုသည် သတိကြီးစွာဖြင့် သွားနေကြပြီး ခွေးအချို့က ဒဏ်ရာရထားသည့် ဂျာမန်သိုးထိန်း (German Shepherd) ခွေးကြီး၏ အနီးနား ကပ်၍ သွားနေသည် တွေ့ရသည်။ ကော်ဂီ (Corgi) ခွေးလေးတကောင်က အုပ်စုကို ဦးဆောင်နေပုံရပြီး ကျန်ခွေးများကို ခဏခဏ နောက်လှည့်ကြည့်နေခဲ့သည်။

“သူတို့က ဒုက္ခရောက်နေတဲ့ ညီအစ်ကိုတစုလိုပဲ တစုတဝေးတည်း သွားနေကြတာပါ။ လေလွင့်ခွေးတွေနဲ့ လုံးဝမတူပါဘူး” ဟု လျူက တရုတ်သတင်းစာ Dahe Daily သို့ ပြောသည်။ လျူက ထိုခွေးများ ဘေးကင်းစေရေး ကားလမ်းပေါ်မတက်ရန် ခြောက်လှန့်ဟန့်တားမှုများ အကြိမ်ကြိမ် လုပ်ခဲ့သော်လည်း ခွေးများက ရန်လိုတုံ့ပြန်ခြင်း မရှိခဲ့ပေ။

လျူသည် ခွေးများ၏ ဗီဒီယိုကို တရုတ်လူမှုကွန်ရက် Douyin ပေါ်တွင် မျှဝေပြီးနောက် ဒေသန္တရအာဏာပိုင်များထံ အကူအညီ တောင်းခဲ့သည်။ ထိုခွေးများသည် ရွာတရွာတည်းမှဖြစ်ပြီး အတူတကွ သွားလာ နေထိုင်လေ့ရှိကြသဖြင့် သံယောဇဉ်ကြီးမားကြသူများဖြစ်ကြောင်း ဒေသခံ ကယ်ဆယ်ရေးအဖွဲ့ Bitter Coffee Stray Dog Base မှ စေတနာ့ ဝန်ထမ်းများက ပြောသည်။

အဆိုပါ သတင်းများ ထွက်ပေါ်လာပြီးနောက် ဒေသခံ ကယ်ဆယ်ရေးအဖွဲ့သည် စေတနာ့ဝန်ထမ်းများ စေလွှတ်၍ ခွေးများရှိရာနေရာကို ရှာဖွေခဲ့ကြပြီး ၎င်းတို့ နေရပ်သို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိနိုင်စေရန် ဒရုန်းများ အသုံးပြု၍ လမ်းညွှန်ပေးခြင်း စသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုခွေးများသည် ခွေးသားအရောင်းအဝယ် လုပ်ကိုင်သူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး သယ်ဆောင်သွားစဉ်အတွင်း ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်နိုင်ကြောင်း စေတနာ့ဝန်ထမ်းတဦးက ပြောသည်။ သို့သော် ထိုခွေးများ အဝေးပြေးလမ်းပေါ်သို့ မည်သို့ရောက်ရှိလာသည်ဆိုကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယခုအခါ ခွေး ခုနစ်ကောင်စလုံးမှာ နေရပ်သို့ ဘေးကင်းစွာ ပြန်ရောက်သွားကြပြီဖြစ်ပြီး ပိုင်ရှင်များနှင့် ပြန်လည်ဆုံတွေ့ခဲ့ကြပြီ ဖြစ်ကြောင်း မတ်လ ၁၉ ရက်နေ့တွင် စေတနာ့ဝန်ထမ်းတဦးက Jimu News သို့ ပြောသည်။

ပိုင်ရှင်တဦးက ၎င်း၏ ပျောက်ဆုံးနေသော ဂျာမန်သိုးထိန်းခွေးနှင့် ဂိုးလ်ဒန်းရက်ထရီဗာ (Golden Retriever) တို့ ပြန်လည်ရောက်ရှိလာသဖြင့် စိတ်သက်သာရာရကြောင်းနှင့် ထိုသို့သော ကံကြမ္မာဆိုးမှ လွတ်မြောက်လာခြင်းမှာ အလွန်ကံကောင်းခြင်းဖြစ်ကြောင်း ပြောသည်။

အခြားပိုင်ရှင်တဦးကလည်း ၎င်း၏ ကော်ဂီခွေးလေးမှာ အလွန်ထက်မြက်ပြီး အိမ်ပြန်လမ်းကို ကောင်းကောင်းမှတ်မိတတ်သူဖြစ်ကြောင်း ဂုဏ်ယူစွာ ပြောခဲ့သည်။


Leave a Reply

Your email address will not be published. Required fields are marked *