အောင်ပွဲက ၆ ရက်၊ ခံစစ်က ၆ လ

“မြို့ကိုသိမ်းတာ ၆ ရက်ပဲ ကြာတယ်၊ ဒါပေမယ့် မြို့ကို သိမ်းပြီးနောက်မှာ ကျွန်တော်တို့က မြို့ကို ရကတည်းက ခံစစ်၊ ခံစစ်နဲ့ အခုဆိုရင် စဝင်တဲ့နေရာအထိ ပေးလိုက်ရပြီ။ ခံစစ်ဆိုတဲ့ အမိန့်အောက်မှာ ကျွန်တော်တို့ရဲ့ ပေးဆပ်မှုတွေနဲ့…”

ဒါကတော့ စစ်ကိုင်းတိုင်း-ကချင်ပြည် နယ်စပ်က ဗန်းမောက်မြို့သိမ်းပြီးနောက် ယခုအခါမှာ မြို့ပြန်လည်ဆုံးရှုံးသွားတဲ့အပေါ် မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရှေ့တန်းရဲဘော်တစ်ဦးရဲ့ စကားသံ ဖြစ်ပါတယ်။

ထိုရဲဘော်ရဲ့ စကားသံတွေနဲ့ မျက်ဝန်းထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလထဲက နေ့ရက်တွေကို ပြန်လည်ဂုဏ်ယူဝင့်ကြွားတဲ့ အရိပ်အယောင်တွေတော့ ရှိနေဆဲ ဖြစ်ပါတယ်။

ဗန်းမောက်မြို့ကို စစ်ဒေသ-၁ လက်အောက်ခံ တပ်ရင်းတွေနဲ့ ဗန်းမောက်မြို့နယ် ပကဖတပ်တွေက စက်တင်ဘာ ၂၀ ရက်၊ အမှတ်-၁ စစ်ဒေသ ဖွဲ့စည်းခြင်း လေးနှစ်ပြည့်တဲ့နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါက တော်လှန်ရေးအတွက် အရွေ့တစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားခဲ့ပေမယ့် ၂၀၂၆ ဖေဖော်ဝါရီ ၈ ရက်မှာ SNA နဲ့ စစ်အုပ်စု ပူးပေါင်းတပ်တွေက မြို့ကို ပြန်လည်သိမ်းပိုက်သွားခဲ့ပါတယ်။

ဒီလို လအနည်းငယ်အကြာမှာ ပြန်လည်လက်လွှတ်ရလိမ့်မယ်လို့ ရဲဘော်တွေ ကြိုမတွေးမိဘူးလို့လည်း ပြောပါတယ်။

“မြို့ကို ပြန်လိုချင်လို့ သူတို့ ထိုးစစ်ပြန်စလာခဲ့တာ။ သူတို့ ထိုးစစ်ပြန်လာတော့ ၁၀ လပိုင်းထဲကို ရောက်ခဲ့ပြီ။ သူတို့က တောက်လျှောက် ထိုးစစ်ဆင်လာတာ။ ပြီးတော့ အခုလို လပိုင်းအတွင်း ပြန်ပေးကြရလိမ့်မယ်လို့လည်း မတွေးထားဘူး။ ဒါတွေက စနစ်မကျတဲ့ စီမံမှုလွဲမှားတာတွေကြောင့်ပဲ” လို့ မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ရှေ့တန်းရဲဘော်တစ်ဦးက ပြောပါတယ်။

မြေပြင်ရဲဘော်တွေရဲ့ အဆိုအရ ဗန်းမောက်မြို့ကို သိမ်းပြီးတာနဲ့ ထိုးစစ်ကနေ ခံစစ်အနေနဲ့ ပြင်ဆင်ဖို့ အမိန့်ကျရောက်စေခဲ့တယ်လို့ ဆိုပါတယ်။

ဗန်းမောက်မြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်အုပ်စုနဲ့ SNA ပူးပေါင်းတပ်တွေက ပြန်လည်တိုက်စစ်ဆင်လာချိန်မှာ တော်လှန်ရေးဘက်က ထိရောက်တဲ့ အင်အားဖြည့်တင်းမှုနဲ့ တန်ပြန်ထိုးစစ်အစီအစဉ်တွေ ပျောက်ဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

“ခံစစ်ဆိုတာ တိုက်စစ်ထက် ပိုပင်ပန်းတယ်၊ ရန်သူဘယ်ချိန်လာမလဲဆိုတာ စောင့်ကြည့်နေရတာ။ စစ်ဒေသမှူးဆိုတာလည်း မြို့ကို ရပြီးပြီဆိုတာနဲ့ ရန်သူ့နယ်မြေတွေကို ဆီသွင်းဖို့ အစီအစဉ်တွေဆွဲတယ်၊ စစ်ဒေသဂိတ်တွေချပြီးတော့မှ ရန်သူ့ဘက်ကို ဆီသွင်းတယ်၊ ဆီသွင်းပြီးတော့မှ စစ်ဒေသ-၁ က အခွန်တွေကောက်တယ်၊ ဒါမျိုးတွေလုပ်တယ်” လို့ တိုက်ပွဲတွင်း ပါဝင်ခဲ့တဲ့ ရဲဘော်တစ်ဦးကလည်း ပြောပါတယ်။

စစ်အုပ်စုနဲ့ ပူးပေါင်းတပ်တွေက လေကြောင်းပစ်ကူ၊ အသေခံဒရုန်းတွေနဲ့ တရစပ် ထိုးစစ်လာချိန်မှာ ရှေ့တန်းရဲဘော်တွေအတွက် လက်နက်ခဲယမ်း၊ လူအင်အား ရရှိဖို့ဆိုတာ မျှော်လင့်နေပေမယ့် နောက်တန်း စစ်ဒေသတာဝန်ရှိသူတချို့ကတော့ လောင်စာဆီသွင်းတဲ့ လုပ်ငန်းကနေ အခွန်ကောက်ဖို့လောက် အာရုံစိုက်နေခဲ့တာပါ။

မလုပ်ပေးနိုင်တာလား၊ လုပ်ကိုမလုပ်တာလားဆိုတဲ့ အတွေးတွေကြားမှာ သွေးထွက်သံယို ဆက်ဖြစ်နေခဲ့တာလို့ ရဲဘော်တွေက ဆိုကြပါတယ်။

“အခွန်ကောက်တယ်ဆိုတာတောင် စစ်ပွဲအတွက် ရာခိုင်နှုန်းဘယ်လောက် သုံးနေလဲဆိုတာ မသိရဘူး။ အခွန်တွေက စစ်ပွဲအတွက် ရာခိုင်နှုန်းတော်တော်များများ မဟုတ်ဘူး။ ကျွန်တော်တို့က အာဏာရှင်ကို တိုက်တာထက် အာဏာရှင်စနစ်ဆိုးကို တိုက်နေရတာဗျ။ သူလူငါ့လူ၊ အဂတိလိုက်စားတာ၊ သူခိုးကျင့် သူခိုးကြံတာတွေက အာဏာရှင်စနစ်ရဲ့ အငွေ့အသက်တွေပဲ။ အခုတော့ အဲဒီအငွေ့အသက်တွေကို တော်လှန်ရေးထဲ သယ်လာကြပြီ” လို့ အထက်ပါ ရှေ့တန်းရဲဘော်တစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုရဲ့ ထိုးစစ်ကြောင့် ခံစစ်ပြင်ပြီး ပြန်လည်ဆုတ်ခွာလာတဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းမှာပဲ စစ်ဒေသ (၁) က တာဝန်ရှိသူတွေဟာ ဆီကားတွေသွင်းဖို့ လုပ်ဆောင်ခဲ့သလို စစ်ဒေသဂိတ်တွေ အဆင့်ဆင့်ချကာ SNA ထိန်းချုပ်ရာဆီကို ဆီတွေပို့၊ အခွန်တွေ ကောက်နေကြတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ မဟာမိတ် SNA ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ရမယ့်အစား ကိုယ်တိုင်ကိုယ်ကျ စီးပွားရေးလုပ်ကွက်တစ်ခုလို ဖန်တီးလုပ်ဆောင်ခဲ့တယ်လို့လည်း ရှင်းပြပါတယ်။

“အောက်ပိုင်းကနေ ဆီကားတွေသယ်ပြီး အင်းတော်-ဗန်းမောက်ကနေ SNA နယ်မြေထဲကို သွင်းတာ။ အမှန်ဆို သူတို့ ရန်သူ့နယ်မြေထဲကို ဆီတွေသွင်းတာပဲ၊ ဖြတ်တောက်ပစ်ရမှာကို အခုလိုတွေ သွင်းနေတာ။ ဒေသခံတွေ ကုန်ကူးသန်းရာလည်း ပကဖတို့ ပအဖ ဂိတ်တွေမှာ အခွန်ဆောင်ခဲ့ပြီးလည်း မရဘူး၊ အဲဒီဂိတ်တွေမှာပါ ထပ်ပြီး ဆောင်ပေးရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စက်သုံးဆီ တင်သွင်းနေတာတွေကိုတော့ ဗန်းမောက်မြို့နယ်ထဲက အုပ်ချုပ်ရေးအဖွဲ့‌တွေနဲ့ စစ်ဒေသ-၁ က ဂိတ်စခန်းတွေကို အခွန်ပေးဆောင်ပြီး ပွဲစားတွေ၊ လေလံအောင်သူတွေကတစ်ဆင့် ဗန်းမောက်အရှေ့ခြမ်းဘက်ကနေ အနောက်ခြမ်းက စစ်အုပ်စုနဲ့ SNA ထိန်းချုပ်ထားတဲ့ နေရာတွေကို ပို့ဆောင်နေကြတယ်လို့ ဆက်ပြောပါတယ်။

ဗန်းမောက်အနောက်ခြမ်းဟာ ၂၀၂၂ ခုနှစ်တုန်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားခဲ့ပြီး ၂၀၂၃ ခုနှစ် အစောပိုင်းကာလမှာ စစ်အုပ်စုနဲ့ SNA ပူးပေါင်းတပ်တွေက အင်အားထောင်နဲ့ချီ ထိုးစစ်ဆင်ခဲ့တာကြောင့် လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမောက်အနောက်ခြမ်းကို စက်သုံးဆီတွေ ပို့ဆောင်ရာမှာ ဓာတ်ဆီနဲ့ ဒီဇယ်ဆီ တစ်ပေပါကို ကျပ် ၂ သိန်းကနေ ၃ သိန်းအထိ ပေးပြီး ဖြတ်သန်းနေတယ်လို့ သိရပါတယ်။

အဲဒီလို အခွန်ကောက်ခံမှုကိုတော့ ဗန်းမောက်မြို့နယ်အတွင်းမှာတင်မဟုတ်ဘဲ စစ်ဒေသရဲ့ လက်အောက်ခံ ၇ ခရိုင်အတွင်းမှာ စစ်ဒေသဂိတ်တွေ ချထားပြီး ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုကြပါတယ်။

တော်လှန်ရေးအင်အားစုတွေက ရက်ပေါင်းများစွာ သွေးနဲ့ရင်းပြီး ခုခံခဲ့ရတဲ့ ဗန်းမောက်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ စစ်ဒေသတာဝန်ရှိသူ ခေါင်းဆောင်ပိုင်းတချို့ရဲ့ ကိုယ်ကျိုးရှာမှုတွေကြားမှာ တော်လှန်ရေးတပ်တွေ လက်လွှတ်ခဲ့ရပြီး မြို့သိမ်းဖို့ စတင်ခဲ့ရာနေရာအထိ နောက်ပြန်ဆုတ်ခဲ့ရပြီလို့ ဗန်းမောက်မြို့နယ်က မြို့သိမ်းတိုက်ပွဲမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ မြို့သိမ်းတုန်းက မြို့နားက မြစ်သေးချင်းရွာက နေအိမ်နှစ်လုံးသုံးလုံး ပျက်စီးတာ၊ ဒါတောင် စကစ ဗုံးကြဲလို့ ပျက်တာ။ အခုဆို သူတို့ ထိုးစစ်စတော့ ဒရုန်းတွေ၊ အသေခံဒရုန်းတွေ၊ လေယာဉ်ဗုံးကြဲတာတွေနဲ့ တော်တော်ပျက်စီးသွားပြီ” လို့ ရှေ့တန်းရဲဘော်တစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့သိမ်းစဉ်က မပျက်စီးခဲ့တဲ့ အိမ်လေးတွေဟာ စစ်အုပ်စုရဲ့ ထိုးစစ်တွေနောက် လေယာဉ်ဗုံးဒဏ်ကြောင့် ပြာပုံဘဝ ရောက်ခဲ့ရပြီလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုနဲ့ SNA ထိုးစစ်တွေနဲ့ တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် ဗန်းမောက်မြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြန်လည်ထိုးစစ်ဆင်ဖို့ အခြေအနေတွေ ရှိနေတယ်လို့လည်း တော်လှန်ရေးသတင်းအရင်းမြစ်တွေက သုံးသပ်ထားပါတယ်။

ဓာတ်ပုံ – MOD NUG


Leave a Reply

Your email address will not be published. Required fields are marked *