ကိုရီးယားတွင် သေဆုံးပြီဆိုသည့် မြန်မာလုပ်သား အသက်ပြန်ရှင်လာသဖြင့် အရေးပေါ်ကုသနေ
တောင်ကိုရီးယားက လုပ်ငန်းခွင်တခုမှာ စက်ညှပ်လို့ သေဆုံးသွားပြီဆိုတဲ့ မြန်မာလုပ်သားဟာ ရေခဲတိုက်ထဲမထည့်ခင် အသက်ပြန်ရှူလာတဲ့အတွက် အရေးပေါ်ကုသမှုတွေ ပြန်လုပ်နေတယ်လို့ အဲဒီအလုပ်သမားနဲ့ ရင်းနှီးသူတွေက ပြောပါတယ်။
အသက် ၃၃ နှစ်အရွယ် မြန်မာလုပ်သား ကိုစန်းယုဟာ မတ် ၂၄ ရက်က လုပ်ငန်းခွင်ထဲမှာ စက်ညှပ်မိပြီး ဦးခေါင်းကို အပြင်းအထန် ထိခိုက်ခဲ့တာကြောင့် အာဂျုတက္ကသိုလ်ဆေးရုံဆီ အရေးပေါ်ပို့ခဲ့ပေမဲ့ အသက်မမီတော့ဘဲ သေဆုံးပြီလို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကိုစန်းယုဟာ ရေခဲတိုက်ထဲမထည့်ခင် အသက်ပြန်ရှူလာတဲ့အတွက် ဆရာဝန်တွေက အရေးပေါ်ခွဲစိတ်မှုတွေလုပ်ကာ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သူနဲ့ရင်းနှီးသူတွေက ဆိုပါတယ်။
ကိုစန်းယုနဲ့ ဆွေမျိုးနီးစပ်တော်သူတယောက်က “သူ့ကို ဆရာဝန်တွေက ရေခဲတိုက်ထဲ မထည့်သေးဘဲ အောက်စီဂျင်ပေးထားတာ၊ အသက်ပြန်ရှင်လာလို့ ခွဲခန်းထဲခေါ်သွားတယ်” လို့ လူမှုကွန်ရက်မှာ အသိပေး ရေးသားထားပါတယ်။
တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်မှုကြောင့် ကိုစန်းယု သေဆုံးခဲ့ကာ မိသားစုဆီလည်း အကြောင်းကြားထားပြီး ဖြစ်တယ်လို့ မတ် ၂၄ ရက်မှာ အရင်ဆုံး အသိပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ကိုစန်းယုရဲ့ဇနီးနဲ့ အစ်မဖြစ်သူတို့ တောင်ကိုရီးယားနိုင်ငံကို လိုက်သွားပြီး ခွဲစိတ်ကုသမှုနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို မသိရသေးဘူးလို့ သူ့မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကိုစန်းယုဟာ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ကဖြစ်ပြီး ကလေး ၂ ယောက်ဖခင်ဖြစ်ကာ အနေအေးသလို ဖော်ရွေစွာ ပေါင်းသင်းဆက်ဆံတတ်သူတယောက်လို့ သူနဲ့ စက်ရုံ အတူလုပ်ခဲ့ဖူးသူတွေက မှတ်ချက်ပြုကြပါတယ်။
ကိုစန်းယုဟာ ထိခိုက်မိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားတယ်ဆိုတဲ့ ကနဦးသတင်းကြောင့် ရင်းနှီးသူတွေနဲ့ လူမူကွန်ရက် အသုံးပြုသူတွေက စိတ်မကောင်းကြောင်း မှတ်ချက်ပေးခဲ့ကြပြီး အသက်ပြန်ရှင်လာတယ် ဆိုတဲ့အတွက် အံ့သြဝမ်းသာမှုတွေဖြစ်ကာ ခွဲစိတ်ကုသမှု အောင်မြင်စေဖို့ ဆုတောင်းပေးနေကြတာ တွေ့ရပါတယ်။
💔 သေမင်းနှုတ်ခမ်းဝမှ ပြန်လာခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေဖြစ်နေသည့် ကိုစန်းယု (ညောင်တုန်း)
တောင်ကိုရီးယားနိုင်ငံ၊ ဟွာဆောင်မြို့ရှိ စက်ရုံတစ်ခုတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် အသက်ရှင်လျက် ပြန်လည်ရှိနေသော်လည်း ကိုစန်းယု၏ ကျန်းမာရေးအခြေအနေမှာ အလွန်စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။
🗓️ ဖြစ်စဉ်အကျဉ်း
မတ်လ ၂၄ ရက်: လုပ်ငန်းခွင်အတွင်း စက်ညှပ်မိသဖြင့် ဦးခေါင်းကြေမွကာ အသက်မရှူတော့သဖြင့် သေဆုံးပြီဟု ယူဆခဲ့ကြသည်။
အံ့ဖွယ်ဖြစ်ရပ်: ဆရာဝန်များက အောက်ဆီဂျင်ပေးထားရာမှ ပြန်လည်အသက်ရှူလာသဖြင့် အရေးပေါ်ကုသမှုများ ဆက်လက်ပြုလုပ်ခဲ့သည်။
လက်ရှိအခြေအနေ: ဦးနှောက်နှင့် အသက်ရှူလမ်းကြောင်းကို ဆက်သွယ်ထားသည့် အာရုံကြောမကြီး ပြတ်တောက်သွားသဖြင့် ကိုယ်တိုင်သတိပြန်ရရန် အခွင့်အလမ်း မရှိသလောက် နည်းပါးနေကြောင်း ဆရာဝန်များက ဆိုသည်။
👨👩👧👦 မိသားစု၏ ခက်ခဲသော ဆုံးဖြတ်ချက်
လက်ရှိတွင် ကိုစန်းယု၏ ဇနီးနှင့် အစ်မဖြစ်သူတို့မှာ ကိုရီးယားသို့ သွားရောက်နေကြပြီး အောက်ပါခက်ခဲသော ရွေးချယ်မှုများနှင့် ရင်ဆိုင်နေရပါသည် –
ဆေးဘက်ဆိုင်ရာ အထောက်အပံ့ဖြင့် အသက်ဆက်ပေးထားရန် (သို့မဟုတ်) အသက်ရှူပိုက်ဖြုတ်ရန် ဆုံးဖြတ်ရမည်။
မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ရန် ဆန္ဒရှိသော်လည်း ကုန်ကျစရိတ် အလွန်များပြားနေသည်။
”၂၀၁၇ ကတည်းက ကိုရီးယားမှာ အလုပ်လုပ်နေတဲ့ ကလေး (၂) ယောက်ဖခင် ကိုစန်းယုဟာ လူချစ်လူခင် ပေါများသူတစ်ဦးလည်း ဖြစ်ပါတယ်။”
🤝 ကူညီဆောင်ရွက်ပေးမှုများ
ကိုရီးယားရောက် မြန်မာကူညီရေးအဖွဲ့များက ကိုစန်းယု ရသင့်ရထိုက်သည့် လုပ်ငန်းခွင် ထိခိုက်နစ်နာမှု လျော်ကြေးများ နှင့် အခြားအကူအညီများ ရရှိစေရန် ဝိုင်းဝန်းဆောင်ရွက်ပေးနေကြကြောင်း သိရသည်။
ကိုစန်းယု၏ မိသားစုဝင်များ ခိုင်မာသောစိတ်ဓာတ်ဖြင့် ဤခက်ခဲသော အခြေအနေကို ကျော်ဖြတ်နိုင်ပါစေကြောင်းနှင့် ကိုစန်းယုအတွက် အကောင်းဆုံးဖြစ်မည့် လမ်းစများ ပေါ်ပေါက်လာပါစေကြောင်း ဆုတောင်းပေးလိုက်ရပါသည်။


Leave a Reply