ကသာမှာ စစ်တပ်ရဲ့ MI-17 ရဟတ်ယာဉ် ၁ စီးကိုတော်လှန်​ရေးတပ်တွေပစ်ခတ်လို့ အ​ရေး​ပေါ်ဆင်း

ကသာမြို့မှာခြေမြန်တပ်ရင်း ခမရ(၃၀၉)ကို စစ်ကူနဲ့ လက်နက်ခဲယမ်းလာပို့တဲ့ စစ်တပ်ရဟတ်ယာဉ်၁စီးကို​တော်လှန်​ရေးပူးပေါင်းတပ်တွေကပစ်ခတ်လို့ ထိမှန်ပြီး အရေးပေါ် ဆင်းသက်လိုက်ရတယ်လို့ သတင်းရရှိပါတယ်။

အဆိုပါဖြစ်စဥ်ဟာ ဒီက​နေ့ (မတ်လ ၂၅ ရက်နေ့) ညနေ ၄ နာရီခန့်မှာ ဖြစ်ပွားခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

“ညနေက Mi17 ၃ စီးဆင်းဖို့ကို ဖိုက်တာတွေ ပတ်ပျံပေးတာ။ပြန်အတက်မှာ ၂ စီးမြောက်ရဟတ်ယာဉ်ကို ထိတယ်။အဲ့ဒီအစီးက ငအိုးမှာ အရေးပေါ်ဆင်းရတယ်”လို့ အထက်ပါသတင်းရင်းမြစ်က​ပြောပါတယ်။

မတ်လ ၂၅ရက် ညနေ ၃နာရီ ၃၀မိနစ်နဲ့ ၄နာရီကြားမှာ မိတ္ထိလာ၊ တံတားဦး၊ ဟုမ္မလင်းလေဆိပ်တက် ဂျက်ဖိုက်တာ ၅ စီးက ခမရ(၃၀၉)အနီးနဲ့ ကသာမြို့နယ်အတွင်း ပတ်ပျံပြီး ရဟတ်ယာဉ် ၃စီးက ၃၀၉ တပ်ရင်းထဲကို ဆင်းသက်ခဲ့တယ်လို့ဆိုပါတယ်။

ရဟတ်ယာဉ်၃စီးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ခဲယမ်းတွေချပြီး ပြန်တက်စဉ် PDF ပူးပေါင်းတပ်တွေကပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယမြောက်အစီးကို ထိမှန်ပြီး မဘိမ်းမြို့နယ်၊ငအိုးဘောလုံးကွင်းထဲကို အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ခမရ(၃၀၉)ကနေတက်လာတဲ့ Mi-17 ရဟတ်ယာဉ် ၃ စီးအနက် ၁ စီးက ညနေ ၄ နာရီ ၁၅ မိနစ်ခန့်မှာ ငအိုးဘောလုံးကွင်းထဲကို ဆင်းသက်ခဲ့ပြီး နောက်ထပ် ၂ စီးက ညနေ ၄ နာရီ ၄၅ မိနစ်ခန့်မှာသပိတ်ကျင်းမြို့ အခြေစိုက် တွင်းငယ် အမှတ် (၁၃)တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းထဲကို ဆင်းသက်သွားတယ်လို့လေကြောင်းရန် စောင့်ကြည့်သတိပေး ရေး တယ်လီဂရန်ချန်နယ်A.R.P (AIR RAID PRECAUTIONS) က လည်းဖော်ပြထားပါတယ်။

လက်ရှိမှာ ကသာမြို့အနီး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။ ကသာမြို့က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၂၈ ရက်မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်
ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပါတယ်။

စစ်တပ်က မြို့ကို ဗုံးကြဲလို့ ​တော်လှန်​ရေးတပ်​တွေပြန်ဆုတ်ခွာထားစဉ် ‌ဒေသခံတွေ မြို့ထဲမှာပြန်လာနေဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ပြီး စာသင်ကျောင်းတွေကိုလည်းအတင်းအကြပ်ပြန်ဖွင့်ခိုင်းခဲ့ပါတယ်။

မတ်လ ၂၀ရက်မနက်မှာတော့ တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတချို့ကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနေ့မနက်မှာပဲ စစ်ကောင်စီက မြို့ပေါ်ကို ပစ်မှတ်ထားဗုံးကြဲခဲ့ပါတယ်။

မတ်လ ၂၀ရက် နေ့လယ်မှာ ကသာမြို့ ရပ်ကွက်(၃)ထဲကစစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲလို့ သံဃာတော်အချို့နဲ့ စစ်ဘေးရှောင်တွေအပါအဝင် ၈၀ဦးခန့်အထိ ​သေဆုံးထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်း စစ်တပ်က ပြည်သူ​တွေထွက်မရ​အောင် မြို့ပေါ်ရပ်ကွက်တွေကိုပိတ်ဆို့ထားပြီး လေကြောင်းကနေလည်းဗုံးကြဲနေတယ်လို့သိရပါတယ်။

မတ် ၂၅ ရက်မနက်ပိုင်းနဲ့ညနေပိုင်းမှာ စစ်ကောင်စီက ကသာ၊ ထီးချိုင့်၊ ကောလင်း၊ပင်လည်ဘူးမြို့တွေကိုဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

(စစ်တပ်ရဲ့ ရဟတ်ယာဥ်တစ်စင်း (ပုံအ​ဟောင်းဖြစ်ပါတယ်)


Leave a Reply

Your email address will not be published. Required fields are marked *