စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်

မကွေးတိုင်း၊ မကွေးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ မကွေးလေတပ် ဌာနချုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရပြီး ပျက်စီးမှုရှိကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံပြည်သူများက ပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် မကွေးမြို့ပေါ်ရှိ မကွေးလေတပ်စခန်း ဌာနချုပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှုကြောင့် လေတပ်စခန်း အတွင်း ထိခိုက်ပျက်စီးမှုရှိသော်လည်း အခြေအနေ အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“မနေ့က ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်တာလို့ သိရတယ်။ အလုံးရေ ၅ လုံးမထက်မနည်းပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ လေတပ် စခန်းအတွင်း ရှော့တိုက်ဒုံးတွေ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ ထိခိုက်မှုရှိတာပဲ သိရတယ်။ အခြေအနေ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ သက်ဆိုင်ရာ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထိုသို့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မကွေးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၃၀၁ တပ်ရင်းနှင့် ခမရ ၃၁၇ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် စစ်ကား အများအပြားလည်း မကွေးလေတပ်စခန်း ဌာနချုပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်မှုသည် ယနေ့ နံနက်အစောပိုင်းထိ ပြုလုပ်ခဲ့ပြီး မကွေးလေတပ်စခန်း အနီးကိုလည်း နံနက်အစောပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က နယ်မြေရှင်းလင်းရေးနှင့် ရှာဖွေရေးများ လုပ်ဆောင်နေကြောင်း သိရသည်။

“မနေ့က မကွေးလေတပ် ပစ်ခတ်ခံရပြီးတဲ့နောက်မှာ စစ်ခွေးတပ်ရင်းတွေဖြစ်တဲ့ ၃၀၁ နဲ့ ၃၁၇ ကလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်တာ နံနက်အစောပိုင်းလောက်ထိ လက်နက်ကြီးပစ်သံတွေကြားရတယ်။ မကွေးလေတပ်ထဲမှာလည်း စစ်ခွေးကားတွေရှိနေတုန်းပဲ လေတပ်အနီးက နေရာတွေကို ရှင်းလင်းရေးလုပ်နေတယ်လို့ သိရတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

မကွေးလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စခန်းအတွင်း အားလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ

မကွေးတိုင်း၊ မကွေးမြို့အခြေစိုက် မကွေးလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်း အားလုံး ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၅ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် မကွေးလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့ တိုက်ဒုံး ၁၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၁ လုံး အောင်မြင်စွာ လေတပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ ဆေးရုံကားများ ဝင်ထွက် သွားလာမှုရှိကြောင်း သိရသည်။

“ မကွေးလေတပ်စခန်းက နွေဦးတော်လှန်ရေးရဲ့ အဓိကကျပြီး အားကောင်းတဲ့ အညာဒေသက တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နှိမ်နင်းရာမှာ စစ်ရှုံးကောင်စီ အဓိကအားထားသည့် လေတပ်စခန်းဖြစ်သည့်အပြင် ကပစ ၂၁ က ထုတ်တဲ့ လေယာဉ် ဗုံးသီးတွေကို အဓိက သိုလှောင်တဲ့ ခွေးလေတပ်စခန်းအသီးသီးကို အဓိကဖြန့်ဖြူးပေးနေတဲ့ အဓိကကျတဲ့ စကမရဲ့ လေတပ်စခန်းဖြစ်တဲ့ အတွက် BWM နဲ့ မဟာမိတ်တွေက ယခုမစ်ရှင်ကို ကြိုးစားဖော်ဆောင်ခဲ့ ခြင်းဖြစ်ပါတယ်။ ၁ဝ၇ မမ ၁၁ လုံးနဲ့ ပစ်တာ ၁၁ လုံးစလုံး အောင်ပါတယ်။ ပစ်ခတ်ပြီး မကြာမီ အချိန်အတွင်း မကွေး လေတပ်အတွင်း ရှော့ တိုက် ဒုံးတွေကျ ရောက်ပေါက်ကွဲတယ်လို့ ဒေသခံတွေက အတည်ပြုပါတယ်။ မကွေးလေတပ်ထဲလည်း ဆေးရုံကား တွေ အဝင်အထွက်တွေရှိတယ်။ မကွေးလေတပ်ထဲမှာ သိုလှောင်ထားတဲ့ ဗုံးသီးတွေကို တိုက်ရိုက် ထိခိုက်မှု မရှိလို့ ပေါက်ကွဲမှု မရှိပေမယ့် stable မဖြစ် တော့ဘူးလို့ အထူးသတင်း ရရှိထားပါတယ်။ ဒါ့ကြောင့် အဲဒီဗုံးသီးတွေက အချိန်မရွေး ထပေါက်နိုင် တယ်လို့ သုံးသပ်ရပါတယ်။ လေယာဉ် တွေတွင် ချိတ်ပြီးကြဲရင် အန္တရာယ်ရှိနိုင်လို့ အထူးအဖွဲ့က ဆက်လက်စစ်ဆေးဖို့ စီစဉ်နေတယ်လို့လည်းသတင်း ရထားပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ No More Dictatorship (NMD-PDF၊ Infinity (အညာအဖွဲ့) ၊Justice Brothers Force အဖွဲ့၊ ဒေါင်းစစ်အောင်အဖွဲ့ နှင့် မြိုင်ပကဖ အဖွဲ့တို့ပူးပေါင်းကာ BWM ၏ မစ်ရှင် ၅၃ အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးလေတပ်စခန်းသည် နွေဦးတော်လှန်ရေးအတွက် အဓိကကျပြီး အားကောင်းသော အညာ ဒေသရှိ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်နှိမ်နင်းရာတွင် စစ်ကောင်စီ၏ အဓိကအားထားရ သည့် လေတပ်စခန်းဖြစ်သည့်အပြင်၊ ကပစ ၂၁ မှ ထုတ်လုပ်သော လေယာဉ် ဗုံးသီးတို့ကို သိုလှောင် ကာ လေတပ်စခန်းအသီးသီးကို ဖြန့်ဖြူးပေးနေသည့် အဓိကကျသော လေတပ်စခန်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာတွင် ဆီဒုက္ခရောက်နေချိန် မြန်မာပြည်တွင်လည်း အကြီးအကျယ် ဆီ အခက်အခဲတွေ့နေချိန် တွင်ပင် အပြစ်မဲ့ ပြည်သူများနှင့် တော်လှန်ရေး အင်အားစုတို့ကို ပြင်းပြင်းထန်ထန် ဆက်လက် တိုက် ခိုက်နေသော လေယာဉ်များ အဓိကရပ်နားရာ မကွေးလေတပ်စခန်းကို တိုက်ခိုက်ခြင်းဖြင့် ပြည်သူ့ ကိုယ်စား တန်ပြန်ရာရောက်သလို အညာတော်လှန်ရေးကိုလည်း အားဖြည့်ရာရောက်သည့်အတွက် BWM နှင့် မဟာမိတ်တို့က ယခုမစ်ရှင်ကို ကြိုးစားဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ကမ္ဘာ့ဆီ အခက်အခဲကြောင့် အကြပ်ရိုက်နေသော စကမ၏ လေတပ်များကို ပိုမိုအင်အားချိနဲ့စေရန် အတွက် တော်လှန်ရေး အင်အားစုများအနေဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းကြိုးစားကြရန်နှင့် လေတပ် အကြပ်ရိုက်ချိန်ကို အခွင့်ကောင်းယူ၍ တော်လှန်ရေး အရွေ့ကြီးကြီးမားမားဖြစ်ရန် BWM နှင့် မဟာ မိတ်အဖွဲ့ တို့မှလည်း တော်လှန်ရေးဘက်တော်သားများနှင့်အတူ ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း၊ ထို မကွေးလေတပ်ကို တိုက်ခိုက်မှုသည် BWM ၏ ပထမဆုံး အကြိမ်ဖြစ်ပြီး ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရခြင်းကြောင့် ဝိုင်းဝန်းကူညီပေးသော နယ်မြေခံ အဖွဲ့များ ကို အထူးကျေးဇူးတင်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။


Leave a Reply

Your email address will not be published. Required fields are marked *