မိခင်ကို ကယ်တင်ပြီး ကိုယ်တိုင် မီးပုံထဲမှာ ကျန်ရစ်ခဲ့တဲ့ ၁၆ နှစ်အရွယ် သူရဲကောင်းလေး

​မန္တလေးမြို့ရဲ့ ရင်နင့်စရာ မီးလောင်မှုဖြစ်စဉ်တစ်ခု…။

အိမ်လှေကားနားက ဓာတ်ဆီဘူးကနေ စတင်ခဲ့တဲ့ မီးလျှံတွေဟာ ခဏချင်းမှာပဲ တစ်အိမ်လုံးကို ဝါးမျိုသွားခဲ့ပါတယ်။

အိမ်ထဲမှာ ပိတ်မိနေတဲ့ သားအမိနှစ်ယောက်… သံပန်းတွေကြောင့် ထွက်ပေါက်ပိတ်နေချိန်မှာ ၁၆ နှစ်အရွယ် အငယ်ဆုံးသားလေးဟာ သူ့အသက်ထက် မိခင်ကို ပိုချစ်ခဲ့ပါတယ်။

​မိခင်ဖြစ်သူကို ခေါင်မိုးပေါ်ရောက်အောင် အားကုန်တွန်းတင်ပေးနိုင်ခဲ့ပေမဲ့၊ သူကိုယ်တိုင်ကတော့ မီးတောက်တွေကြားထဲမှာ ပိတ်မိပြီး ပါသွားခဲ့ရရှာတယ်။

သမီး ၃ ယောက်ကြားမှာ တစ်ဦးတည်းသော သားလေး… အခုတော့ မိခင်ကြီးရဲ့ အသည်းနှလုံးတွေ ကြေကွဲလို့ ခေါင်မိုးပေါ်ကနေ ဆင်းမလာနိုင်တဲ့အထိပါဘဲ။

အမေကို ကယ်တင်သွားတဲ့ သားလေးရဲ့ မေတ္တာကတော့ ကမ္ဘာတည်သရွေ့ သမိုင်းတစ်ခုအဖြစ် ကျန်ရစ်နေမှာပါ။

အမေကို ကယ်တင်ပြီး မီးထဲမှာ ကျန်ရစ်ခဲ့တဲ့ သားလေးရဲ့ ဝိညာဉ် အေးချမ်းပါစေ။

မန္တလေးမှာ နေအိမ်ဆီပန့်ခုံ မီးလောင်မှုဖြစ်ပွားပြီး သားဖြစ်သူ သေဆုံးကာ မိခင်ဖြစ်သူ ဒဏ်ရာရရှိ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက နေအိမ်တလုံး မီးလောင်မှုဖြစ်ပွားခဲ့ရာက အသက် (၁၇) နှစ်အရွယ် လူငယ် ၁ ဦး သေဆုံးခဲ့ပြီး မိခင်ဖြစ်သူလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မတ်လ ၂၆ ရက်နေ့ မနက် ၉ နာရီခွဲဝန်းကျင်အချိန်ခန့်မှာ မဟာအောင်မြေမြို့နယ်၊ ရှမ်းဝိုင်းရပ်ကွက်၊ (၈၇ x ၃၇) လမ်းကြားရှိ နေအိမ်တလုံးကနေ မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါနေအိမ်ဟာ ဆီပန့်ခုံထောင်ပြီး စက်သုံးဆီရောင်းချတဲ့ အိမ်ဖြစ်ပြီး ဆီပန့်ခုံရှိရာကနေ မီးစတင်ကူးစက် လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

“အိမ်က ဆီပန့်ထောင်ထားပြီး ရောင်းတဲ့အိမ်ပါ။ ဆီပန့်ခုံကနေ စလောင်တာလို့ သိရတယ်။ သေဆုံးသွားတဲ့ကလေးက အဲဒီအချိန် အိပ်ပျော်နေတာလို့ ပြောကြတယ်။ ဒဏ်ရာရတာကတော့ ကလေးအမေပါ” လို့ အခင်းဖြစ်ပွားရာအနီးက မျက်မြင်သက်သေတဦးက ပြောပါတယ်။

မီးလောင်မှုအတွင်း အသက် (၁၇) နှစ်အရွယ် သားဖြစ်သူ မောင်မင်းခန့်မောင်ဟာ နေအိမ်အတွင်း အိပ်ပျော်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် မလွတ်မြောက်နိုင်ဘဲ အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့ရပြီး မိခင်ဖြစ်သူ ဒေါ်သန်းသန်းမှာလည်း မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပေမယ့် လက်ရှိမှာတော့ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သေဆုံးသူ လူငယ်အမျိုးသားရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းတွေက ဆေးရုံသို့ ပို့ဆောင်ကူညီပေးထားသလို၊ ဒဏ်ရာရရှိထားတဲ့ မိခင်ဖြစ်သူကိုလည်း ဆေးရုံမှာ လိုအပ်တဲ့ ဆေးကုသမှုတွေ ဆက်လက်ပေးနေတယ်လို့ သိရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *