ခွေးသားကုန်သည်လက်မှလွတ်၍ အိမ်အပြန်ခရီး အတူနှင်ခဲ့သည့် ခွေးအုပ်စုဆိုသော ဇာတ်လမ်းမှာ သတင်းမှားသာဖြစ်
ယခုအချိန်ထိဆိုလျှင် အဆိုပါဗီဒီယိုကို ကြည့်ရှုသူ သန်းပေါင်းများစွာ ရှိနေပြီဖြစ်သည်။ အင်တာနက်အသုံးပြုသူများမှာလည်း ဗီဒီယိုကို အလွန်အမင်း နှစ်သက်နေကြပြီး ထိုကဲ့သို့ ချစ်စရာကောင်းသည့် မြင်ကွင်းမျိုးကို မည်သူက မချစ်ဘဲ နေနိုင်ပါမည်နည်း။
ဗီဒီယိုတိုလေးထဲတွင် တရုတ်နိုင်ငံမှ ခွေးတအုပ်သည် အသားကုန်သည်လက်မှ ထွက်ပြေးလွတ်မြောက်လာပြီး၊ အိမ်ပြန်လမ်းကို ခက်ခဲစွာ ရှာဖွေနေကြသည့် ပုံစံမျိုး ဖော်ပြထားသည်။ အဆိုပါအဖွဲ့တွင် ဂိုးလ်ဒန်းရက်ထရီဗာ (Golden Retriever) တကောင်၊ ဒဏ်ရာရနေသည့် ဂျာမန်သိုးထိန်း (German Shepherd) တကောင်နှင့် ရှေ့ကနေ သတ္တိရှိရှိ ဦးဆောင်နေသည့် ကော့ဂီ (Corgi) လေးတကောင်တို့ ပါဝင်နေမှုက ကြည့်ရှုသူတို့၏ စိတ်နှလုံးကို ဖမ်းစားနိုင်ခဲ့သည်။
သို့သော် ပြဿနာမှာ အဆိုပါဖြစ်ရပ်သည် အစစ်အမှန်မဟုတ်ပေ။ တရုတ်နိုင်ငံမြောက်ပိုင်း ကျီလင်းပြည်နယ်ရှိ အဝေးပြေးလမ်းဘေးတွင် ခွေးခုနစ်ကောင် သွားနေသည့် မူရင်းဗီဒီယိုမှာ အစစ်အမှန်ဖြစ်သော်လည်း၊ ၎င်းတို့သည် အသားသတ်ရုံမှ ထွက်ပြေးလာခြင်းဖြစ်သည်ဟူသော ပြောဆိုချက်များကို တရုတ်အစိုးရပိုင် မီဒီယာများက သတင်းမှားဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။
ယင်းသို့ သတင်းအမှားဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သော်လည်း စိတ်ကူးယဉ်ဇာတ်လမ်းမှာ အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေဆဲဖြစ်သည်။ လူမှုကွန်ရက်အသုံးပြုသူများသည် အဆိုပါခွေးအုပ်စုကို ၁၉၉၃ ခုနှစ်က ထွက်ရှိခဲ့သည့် Disney ရုပ်ရှင် “Homeward Bound” နှင့် နှိုင်းယှဉ်ကာ AI နည်းပညာသုံး ရုပ်ရှင်ပိုစတာများ၊ စိတ်လှုပ်ရှားဖွယ် နောက်တွဲဗီဒီယိုများနှင့် ပိုင်ရှင်ဖြစ်သူနှင့် ပြန်လည်ဆုံစည်းသည့် အတုအယောင်ပုံရိပ်များကိုပါ ထပ်ဆင့်ဖန်တီး၍ ဖြန့်ဝေလာကြသည်။
ထိုဖြစ်ရပ်သည် ဟိုးလေးတကျော်ပျံ့နှံ့သွားသည့် အခိုက်အတန့်တခုမှတဆင့် သတင်းမှားများ မည်သို့ အဆမတန်ပွားများသွားနိုင်ကြောင်း ပြသနေသည့် သာဓကတခုဖြစ်သည်။
စိတ်ညစ်စရာသတင်းများ များနေသည့်အချိန်၌ ပရိသတ်များသည် တိရစ္ဆာန်ဗီဒီယိုလေးများကဲ့သို့ စိတ်ချမ်းသာစရာ အကြောင်းအရာများကို ပိုမိုတောင့်တလာကြသည်။
“ဒီဗီဒီယိုတွေက စိတ်အပန်းဖြေမှုကို ပေးစွမ်းနိုင်ပေမယ့် သူတို့ရဲ့ လူကြိုက်များမှုကပဲ လူမှုကွန်ရက်ဖန်တီးသူတွေကို ကြည့်ရှုသူ (clicks) ရရှိဖို့အတွက် အကြောင်းအရာတွေကို လုပ်ကြံဖန်တီးတာ ဒါမှမဟုတ် ပုံကြီးချဲ့တာတွေ လုပ်လာအောင် တွန်းအားပေးနေပါတယ်” ဟု သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၊ RMIT တက္ကသိုလ်မှ ဒစ်ဂျစ်တယ်မီဒီယာ ပါမောက္ခ တီဂျေသော်မဆင်က ပြောသည်။
“လူတွေဟာ လက်ရှိပျံ့နေတဲ့ အကြောင်းအရာတွေကနေ အကျိုးအမြတ်ထုတ်ဖို့ ကြိုးစားနေကြတာပါ။ အွန်လိုင်းနဲ့ လူမှုကွန်ရက်မှာ အာရုံစိုက်ခံရမှုဟာ ငွေကြေးနဲ့ တိုက်ရိုက်ဆက်စပ်နေတာကြောင့် အာရုံစိုက်ခံရလေလေ၊ ဝင်ငွေရလေလေပါပဲ” ဟု သော်မဆင်က ဆိုသည်။
ဇာတ်လမ်းအတု
တရုတ်အစိုးရပိုင် Cover News ၏ ဖော်ပြချက်အရ ခွေးခုနစ်ကောင်၏ ဗီဒီယိုကို မတ်လ ၁၅ ရက်နေ့က ကျီလင်းပြည်နယ်၏ ဝေးလံသည့်ဒေသတခုတွင် ကားမောင်းနေသူတဦးက ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
သူသည် အဆိုပါဗီဒီယိုကို အွန်လိုင်းပေါ်တင်ခဲ့ပြီး အဆိုပါခွေးအုပ်စုမှာ ခွေးသယ်ဆောင်သည့် ကားပေါ်မှ ထွက်ပြေးလာခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းရေးသားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ထိုလူက ခွေးများထွက်ပြေးလာသည်ကို ကိုယ်တိုင်မြင်ခဲ့ခြင်းမဟုတ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။
ထိုဗီဒီယိုသည် တရုတ်လူမှုကွန်ရက်များဖြစ်သည့် Douyin နှင့် Weibo ပေါ်တွင် ကြည့်ရှုသူ သန်း ၉၀ ကျော်အထိ ရှိလာပြီး ရေပန်းစားသည့် အကြောင်းအရာ ဖြစ်လာခဲ့သည်။ ထို့နောက်တွင် ကမ္ဘာတဝန်းရှိ TikTok, X, Instagram နှင့် နိုင်ငံတကာ သတင်းဌာနများအထိ ပျံ့နှံ့သွားခဲ့သည်။
ခွေးများသည် အခိုးခံရခြင်း ဖြစ်နိုင်သည်ဟူသော ယူဆချက်များလည်း ထွက်ပေါ်လာခဲ့သည်။ ဒဏ်ရာရနေသည့် ဂျာမန်သိုးထိန်းခွေးနားတွင် တခြားခွေးများက ကပ်လိုက်နေပြီး ခဏခဏ လှည့်ကြည့်နေခြင်းမှာ ဒဏ်ရာရအဖွဲ့ဝင်ကို ကာကွယ်ပေးနေခြင်းဖြစ်သည်ဟု လူမှုကွန်ရက်အသုံးပြုသူများက ဆိုကြသည်။
တချို့ကလည်း ရှေ့ကနေ ဦးဆောင်နေသည့် ကော့ဂီလေးကို သဘောကျနေကြသည်။ မည်သူမျှ ကျန်မနေခဲ့အောင် နောက်ကို လှည့်ကြည့်ပြီး ဦးဆောင်နေသည့် သတ္တိရှိသည့် ခေါင်းဆောင်လေးအဖြစ် မြင်နေကြခြင်းဖြစ်သည်။
သို့သော် အမှန်တရားမှာ အဆိုပါအချက်များလောက် ရင်ခုန်စရာ မကောင်းလှပေ။
အဆိုပါခွေးအားလုံးမှာ အဝေးပြေးလမ်းနှင့် ကီလိုမီတာ အနည်းငယ်အကွာရှိ ရွာသားများ၏ ခွေးများသာ ဖြစ်ကြောင်း တရုတ်အစိုးရပိုင် City Evening News က စုံစမ်းဖော်ပြခဲ့သည်။ ဂျာမန်သိုးထိန်းခွေးမလေးမှာ ရာသီလာချိန် ဖြစ်နေခြင်းကြောင့် တခြားခွေးများက နောက်မှ လိုက်ပါနေခြင်းဖြစ်ကြောင်း ပိုင်ရှင်များက ပြောကြားသည်။
အဆိုပါကျေးရွာရှိ ခွေးအများစုမှာ လွှတ်ကျောင်းထားသည့် ခွေးများဖြစ်ပြီး မိတ်လိုက်ရာသီအတွင်း တရက်၊ နှစ်ရက်ခန့် ပျောက်ဆုံးသွားတတ်ခြင်းမှာ ထုံးစံပင်ဖြစ်ကြောင်း Cover News က ဖော်ပြခဲ့သည်။ ယခုအခါ အဆိုပါ ခွေးခုနစ်ကောင်လုံး နေအိမ်များသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကာ ဂျာမန်သိုးထိန်းခွေးမလေးကိုမူ မိတ်လိုက်ရာသီ မကုန်မချင်း ကြိုးဖြင့် ချည်နှောင်ထားသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံမှ ရေမြင်းလေး Moo Deng နှင့် ဂျပန်တိရစ္ဆာန်ရုံမှ မျောက်လေး Punch တို့သတင်းမှာလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့ပြီးနောက် လာရောက်ကြည့်ရှုသူ အမြောက်အမြား ရရှိခဲ့သည်။
၎င်းတို့တွင် ဇာတ်လမ်းအတုများ မရှိသော်လည်း၊ အဖြစ်အပျက်အမှန်များကပင် လွဲမှားသည့် ယူဆချက်များ ဖြစ်လာနိုင်သည်။ ဥပမာ မျောက်လေး Punch သည် တခြားမျောက်များ၏ အနိုင်ကျင့်ခြင်းခံနေရသည်ဟု အွန်လိုင်းတွင် စိုးရိမ်နေကြသော်လည်း၊ Punch သည် မျောက်အုပ်စုအတွင်း လိုက်လျောညီထွေနေတတ်ရန် သင်ယူနေခြင်းသာဖြစ်ကြောင်း တိရစ္ဆာန်ရုံ တာဝန်ရှိသူများက ရှင်းပြခဲ့ရသည်။
မူရင်းဗီဒီယိုက အစစ်ဖြစ်နေလျှင်ပင် ကြည့်ရှုသူများ စိတ်ဝင်စားအောင် AI နည်းပညာဖြင့် ဇာတ်လမ်းဆင်ပြီး ဖန်တီးမှုများ ပိုမိုများပြားလာသည်။
မကြာသေးခင်က သြစတြေးလျတွင် ဘတ်စ်ကားဒရိုင်ဘာတဦးက ခိုအားလားလေးတကောင်ကို ကယ်တင်ခဲ့သည့် ဖြစ်ရပ်တွင်လည်း၊ ကားပေါ်၌ မည်သူမျှမရှိသော်လည်း နောက်ပိုင်း၌ ခိုအားလားက ခရီးသည်များနှင့်အတူ လိုက်ပါလာသည့် AI ဗီဒီယိုအတုများ ပျံ့နှံ့လာခဲ့သည်။
Clicks နောက်လိုက်ခြင်း
အကြောင်းအရာအတုများ ဖန်တီးရသည့် အဓိကအချက်မှာ လူမှုကွန်ရက်မှတဆင့် ငွေကြေးရရှိရန် ကြည့်ရှုသူ (Clicks) ရအောင် လုပ်ဆောင်ခြင်း ဖြစ်သည်။
“ဒီလို အကြောင်းအရာတွေက လူကြိုက်များပြီး ပျံ့လွယ်တာကြောင့် အကောင့်တခုရဲ့ follower တွေကို အမြန်တိုးအောင် လုပ်ဖို့ အထိရောက်ဆုံး နည်းလမ်းဖြစ်နေပါတယ်” ဟု သြစတြေးလျနိုင်ငံ၊ Curtin University မှ အင်တာနက်ဆိုင်ရာ လေ့လာရေးပညာရပ်ဆိုင်ရာ ပါမောက္ခ တာမာလီဗာက ပြောကြားသည်။
တိရစ္ဆာန်ဗီဒီယိုလေးက အစစ်လား၊ အတုလားဆိုသည်မှာ လူအချို့အတွက် အရေးမကြီးနိုင်သော်လည်း၊ ကြည့်ရှုသူများက မြင်သမျှကို မေးခွန်းမထုတ်ဘဲ လက်ခံလာသည့်အခါ ပိုမိုအရေးကြီးသည့် အကြောင်းအရာများကိုပါ အလွယ်တကူ ယုံကြည်လာနိုင်သည့် ဘေးထွက်ဆိုးကျိုး ရှိလာသည်။
ဥပမာအားဖြင့် အီရန်စစ်ပွဲနှင့် ပတ်သက်သည့် ဗီဒီယိုအတု အမြောက်အမြားကို လူအချို့က အစစ်အမှန်ဟု လက်ခံနေကြခြင်းမျိုး ဖြစ်သည်ဟု လီဗာက ပြောသည်။
“ကျွန်တော်တို့က အကြောင်းအရာတခုကို အစစ်လား၊ အတုလားဆိုတာ ဂရုမစိုက်တော့ဘဲ တခြားအရေးကြီးတဲ့ ကိစ္စတွေမှာလည်း ဝေဖန်ပိုင်းခြားနိုင်စွမ်း လျော့နည်းသွားနိုင်ပါတယ်” ဟု လီဗာက သတိပေးသည်။
ဤခွေးခုနစ်ကောင် ဖြစ်ရပ်သည် အသေးအဖွဲဟု ထင်ရသော်လည်း၊ ခွေးသားစားရန် သယ်ယူခြင်းဖြစ်သည်ဟူသော ဇာတ်လမ်းအတုသည် တရုတ်လူမျိုးများအပေါ် အပျက်သဘောဆောင်သည့် အမြင်များကို ပိုမိုအားကောင်းစေပြီး ယင်းကဲ့သို့သော အယူအဆများသည် သမိုင်းတလျှောက်တွင် ပြည်ပရောက် တရုတ်လူမျိုးများအပေါ် လူမျိုးရေးခွဲခြားမှုကို ဖြစ်ပေါ်စေသည်။
ကိုဗစ်-၁၉ အပြီးတွင် အနောက်နိုင်ငံရောက် တရုတ်လူမျိုးများမှာ လူမျိုးရေးမုန်းတီးမှုကို ရင်ဆိုင်နေရချိန်၌ ဤကဲ့သို့သော ဗီဒီယိုများသည် ပြင်ပလူများအနေဖြင့် တရုတ်နိုင်ငံအပေါ် အမြင်ကို ပိုမိုဆိုးရွားစေနိုင်သည်။
အင်တာနက်ပေါ်တွင် AI နှင့် ဖန်တီးထားသည့် အကြောင်းအရာအတုများ ပိုမိုများပြားလာခြင်းသည် အများပြည်သူ၏ ယုံကြည်ကိုးစားမှုအပေါ် ထိခိုက်စေရုံသာမက အမှန်တရားနှင့် အမှားကို ခွဲခြားနိုင်စွမ်းရှိသည့် အမြင်များကိုပါ ဝေဝါးလာစေသည်။
ယခုကဲ့သို့ ပေါ့ပေါ့ပါးပါး ကြည့်ရှုနိုင်သည့် အကြောင်းအရာများပင်လျှင် “သတင်းအချက်အလက် စီးဆင်းမှု နယ်ပယ်ကို ညစ်ညမ်း သို့မဟုတ် ဝေဝါးသွားစေနိုင်ကြောင်းနှင့် ဘာကို ယုံကြည်ရမှန်းမသိ၊ ဘယ်သူ့ကို ယုံကြည်ရမှန်းမသိဘဲ မိမိမျက်စိဖြင့် မြင်နေရသည်ကိုပင် သံသယဝင်လာရသည့် အခြေအနေမျိုး’ ဖြစ်လာနိုင်ကြောင်း သော်မဆင် က ဆိုသည်။
‘ဒါဟာ လူတယောက်အတွက် အလွန်ကြောက်စရာကောင်းတဲ့ အခြေအနေတခုကို ဆိုက်ရောက်သွားစေတာပါပဲ’ ဟု သော်မဆင် က သတိပေးပြောကြားခဲ့သည်။
တရုတ်နိုင်ငံက အိမ်ပြန်တယ်ဆိုတဲ့ ခွေး (၇) ကောင်ဇာတ်လမ်းကို ကျနော်သတင်းမရေးခဲ့တာကို သတိထားမိမှာပါ။
အစကတည်းက လိမ်ဆင်လို့ သံသယရှိတာရယ် … ဒီခွေးတွေက အိမ်အပြန်လမ်းကိုရှာတယ်ဆိုရင် ဘယ်ခွေးရဲ့အိမ်ဘက်ကို လမ်းရှာတာလဲလို့ တွေးမိတာရယ်၊ တွေ့ဖူးနေကျ ခွေးတွေ မိတ်လိုက်ဖို့ လုံးနေတာလို့ သံသယရှိတာရယ်ကြောင့် သတင်းမရေးပဲ အဖြစ်မှန်ကို ရှာဖတ်နေခဲ့တာပါ။
အဲ့ဒီဇာတ်လမ်းကို တစ်ကမ္ဘာလုံးက သည်းသည်းလှုပ်ဖြစ်ပြီး မှန်သလားမှားသလား ပေါက်ဖော်တွေ ညာချတာလား မစဉ်းစားတော့ပဲ စွတ် share ခဲ့ကြတာတွေ့ရပါတယ်။
မတ်လ ၁၅ ရက်နေ့က ကျိလင် (Jilin) ပြည်နယ်မှာ ရိုက်ခဲ့တဲ့ အဲဒီဗီဒီယိုဖိုင်က တကယ်တော့ အွန်လိုင်းပေါ်က လိမ်ဆင်ဇာတ်လမ်းတစ်ခုပါပဲ။
Cover News နဲ့ City Evening News အပါအဝင် သေချာ facts check လုပ်ခဲ့တဲ့ မီဒီယာတွေက အဲ့ဒီခွေးတွေဟာ ဘယ်နေရာကမှ ထွက်ပြေးလာတာမျိုး မဟုတ်ကြောင်း သတင်းအမှန်လိုက်ပေးခဲ့ကြပါတယ်။
ဒေသခံမီဒီယာတွေနဲ့ တရားဝင် အချက်အလက်စစ်ဆေးမှုတွေအရ ဗီဒီယိုထဲက ဂျာမန်ရှက်ပတ်ခွေး မဟာမိတ်လိုက်ချင်စိတ် ဖြစ်ပေါ်နေတာဖြစ်ပြီး မိတ်လိုက်ချင်နေတဲ့ခွေးမနောက်ကို ကျန်တဲ့ခွေး ၆ ကောင်က ခွေးသဘာဝအတိုင်း နောက်ကနေ လိုက်နေကြတာ ဖြစ်ပါတယ်။
တကယ်တမ်းမှာတော့ အဲဒီခွေး ၇ ကောင်လုံးဟာ အဲ့ဒီဗီဒီယိုရိုက်ခဲ့တဲ့ နေရာနဲ့ အနီးအနားရွာမှာနေထိုင်ကြတဲ့ ရွာသားတွေ ပိုင်ဆိုင်တဲ့ ခွေးတွေသာ ဖြစ်ပါတယ်။
ခွေးပိုင်ရှင်တွေရဲ့ အပြောအရ ဂျာမန်ရှက်ပတ်ခွေးမဟာ မိတ်လိုက်ချိန်ဖြစ်နေတာကြောင့် တခြားခွေးတွေကို မြှူဆွယ်သလိုဖြစ်သွားပြီး ခဏတာ အုပ်စုလိုက် လျှောက်သွားနေကြတာ ဖြစ်ပါတယ်တဲ့။
ခွေးတွေကို လွတ်လပ်စွာ လွှတ်ထားလေ့ရှိတဲ့ အဲဒီဒေသမှာ ဒါဟာ သဘာဝအတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုသာ ဖြစ်ပါတယ်။
ဒေသခံအာဏာပိုင်တွေရဲ့ အတည်ပြုချက်အရ ခွေးအားလုံးဟာ အိမ်ကို ဘေးကင်းစွာ ပြန်ရောက်သွားကြပြီဖြစ်သလို ဂျာမန်ရှက်ပတ်ခွေးမကိုလည်း မိတ်လိုက်ချိန် မကုန်မချင်း မှာ ကြိုးနဲ့ချည်ပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
အခုတော့ ခွေးမခမျာ သူ့သဘာဝအတိုင်း လွတ်လပ်စွာမနေရဘဲ မီဒီယာပေါ်တင်ပြီးဖွတဲ့ လူတွေကြောင့် အိမ်မှာ ကြိုးချည်ခံထားရတဲ့ ဘဝရောက်သွားပြီဖြစ်ပါတယ်။
လူတွေ … လူတွေ …သူတို့လုပ်တာနဲ့ ခွေး ၆ ကောင်က သူတို့သဘာဝ မိတ်လိုက်ဖို့ တပူပူးအုပ်စုလိုက်သွားနေတာကို အိမ်အပြန်လမ်းရှာနေတဲ့ သူရဲကောင်းတွေပဲ ဖြစ်ရအုန်းမယ် …
သူရဲကောင်းကြီး ခွေး ၆ ကောင်က အော်နေတယ် … ငါတို့ခွေးမ ငါတို့ပြန်ပေးတဲ့ …
“ချင့်ယုံ … ချင့်ယုံ” လို့ပြောရင် … တရုတ်ကြီး နာမည်ကိုပြောတယ်လို့ပဲ ထင်နေတာကိုး …


Leave a Reply