အမေရိကန်သမ္မတ ထရမ့်အစိုးရအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြန်လည်သုံးသပ်ပြီး မြန်မာစစ်ကောင်စီကို ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန် လွှတ်တော်အမတ် ၄ ဦးက စာပေးပို့
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများကို ပြန်လည်သုံးသပ်ပြီး မြန်မာစစ်တပ်ကို ထိရောက်သော အရေးယူမှုများလုပ်ဆောင်ရန်အမေရိကန် လွှတ်တော်အမတ် ၄ ဦးက နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ကြသည်။

မတ်လ ၂၆ ရက်နေ့ အဆိုပါပေးစာကို ပေးပို့ခဲ့ကြခြင်းဖြစ်ပြီး စာပေးပို့သူများတွင် အမေရိကန်အောက်လွှတ်တော် နိုင်ငံခြား ရေးရာကော်မတီအဖွဲ့ဝင် လွှတ်တော်အမတ် ဂရေဂရီ မိစ်၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌ လွှတ်တော်အမတ် ယန်းကင်၊ လွှတ်တော်အမတ် အေမီဘာရာနှင့် တောင်နှင့်အလယ်အာရှ ဆပ်ကော်မတီအဖွဲ့ဝင် လွှတ်တော်အမတ် ဆစ္စနီ ကမ်လာဂျာဒဗ်တို့က ပူးတွဲလက်မှတ်ရေးထိုး တင်ပြခဲ့ကြခြင်းဖြစ်သည်။

လွှတ်တောအမတ်များက လက်ရှိအစိုးရ၏ မူဝါဒပြန်လည်သုံးသပ်မှုတွင် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် ပါတီနှစ်ရပ်စလုံးက သဘောတူညီထားသည့် အကြံပြုချက်များကို တင်ပြခဲ့ကြခြင်း ဖြစ်သည်။
အမေရိကန်အစိုးရထံသို့ ပေးစာတွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်ကြာမြင့်လာသည့်တိုင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်မှာလည်း ၁၀ နှစ်နီးပါး ရှိလာပြီဖြစ်ကြောင်း ထောက်ပြထားသည်။

ထို့ကြောင့် လက်ရှိအမေရိကန်အစိုးရအနေဖြင့် ယခင်အစိုးရအဆက်ဆက်က ကျင့်သုံးလာခဲ့သည့် နှစ်ပါတီသဘောတူ မူဝါဒများကို ဆက်လက်ဆုပ်ကိုင်ထားရန်နှင့် စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုများကို ဆန့်ကျင်နေသော မြန်မာပြည်သူများဘက်မှ ခိုင်မာစွာ ရပ်တည်ပေးရန် အလွန်အရေးကြီးကြောင်း တိုက်တွန်းထားသည်။
ထို့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုအနေဖြင့် မြန်မာစစ်ကောင်စီကို နိုင်ငံတကာတွင် အထီးကျန်ဖြစ်စေရန်နှင့် တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရန်၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam centers) လုပ်ငန်းများအပေါ် ထိရောက်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်တို့ကိုလည်း အကြံပြုထားသည်။

တစ်ချိန်တည်းမှာပင် မြန်မာ့အရေးမူဝါဒများကို ပေါင်းစပ်ညှိနှိုင်းရန်နှင့် ဒီမိုကရေစီအင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်အတွက် အဆင့်မြင့်အရာရှိတစ်ဦးအား သီးသန့်ခန့်အပ်ရန်၊ ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဆက်လက်ပံ့ပိုးရန်နှင့် အဆိုပါရည်မှန်းချက်များ အောင်မြင်စေရန် လိုအပ်သော ဘဏ္ဍာရေးအရင်းအမြစ်များကို ပြည့်စုံစွာ ချထားပေးရန်တို့ကိုလည်း အလေးပေး တိုက်တွန်းခဲ့ကြသည်။
အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်ကောင်စီအပေါ် တင်းမာသော မူဝါဒကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် ဒီမိုကရေစီအင်အားစုများကို ပိုမိုပံ့ပိုးပေးရန် လွှတ်တော်ဘက်က ဖိအားပေး တိုက်တွန်းထားသည်။


Leave a Reply