“တပ်မတော်နေ့” အခမ်းအနားတက်သည့် မချမ်းမြမြသော်ကို လူမှုရေးပြစ်ဒဏ်ပေးရန် လှုံ့ဆော်
စစ်အာဏာရှင်တော်လှန်ရေး တက်ကြွလှုပ်ရှားသူ မချမ်းမြမြသော်သည် “ တပ်မတော်နေ့“ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဓာတ်ပုံများ ထွက်ပေါ်လာသဖြင့် ၎င်းအား လူမှုရေးပြစ်ဒဏ်ပေးရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုလျက်ရှိသည်။
ဆရာမ ချမ်းချမ်း (ခေါ်) မချမ်းမြမြသော်သည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ Mondrian Seoul Itaewon ဟိုတယ်တွင် ယမန်နေ့ (မတ်လ ၂၇ ရက် ) က ပြုလုပ်သည့် စစ်ကော်မရှင် “တပ်မတော်နေ့” ဂုဏ်ပြုညစာ စားပွဲတက်ရောက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ ဆိုသည်။
မြေလတ်ဒေါင်းတို့ ပွဲကစို့ ၊ Fncc Burma Fact Check Community နှင့် တော်လှန်ရေးတက်ကြွလှုပ်ရှားသူများက ၎င်းအား လူမှုရေးပြစ်ဒဏ်ပေးရန် လူမှုကွန်ရက်မှ တဆင့် နှိုးဆော်နေခြင်းဖြစ်သည်။
“ဒီလို ပြည်သူတွေကို နေ့စဉ်ရက်ဆက် သတ်ဖြတ်နှိပ်စက်နေသူတွေကို ဂုဏ်ပြုတဲ့ပွဲမှာ လက်ခုပ်လက်ဝါးတီးပြီး ဝိုင်တွေကို အတူတူသောက်ပြီး ဂုဏ်ပြုနေတယ်။ တော်လှန်ရေးကို သစ္စာဖောက်တဲ့လူတယောက်ကို ဖော်ထုတ်နိုင်ခဲ့တာလည်း လုပ်ရကျိုးနပ်တဲ့ ပွဲတခုဖြစ်ပါတယ်” ဟု တော်လှန်ရေးတက်ကြွလှုပ်ရှားသူ ကိုဝင်း (အမည်လွှဲ) က ဆိုသည်။

ကိုဝင်းသည် ယမန်နေ့က Mondrian ဟိုတယ် ရှေ့တွင် ပြုလုပ်သည့် “တပ်မတော်နေ့” ဂုဏ်ပြုညစာ စားပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူဖြစ်သည်။ထို ဆန္ဒထုတ်ဖော်သူများတွင် Mondrian ဟိုတယ်တွင်း မချမ်းမြမြသော်ရှိနေသည်ကို မျက်မြင်တွေ့ခဲ့ရသူရှိကြောင်း သိရသည်။
မချမ်းမြမြသော်သည် ၂၀၂၁ ခုနှစ်တွင် တရားစောင့်နတ်သမီးဝတ်စုံကို ဝတ်ဆင်ကာ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့သလို တောင်ကိုရီးယားရုပ်သံအစီအစဉ်များတွင် မြန်မာ့နိုင်ငံရေးအခင်းအကျင်းနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့သူလည်းဖြစ်သည်။

ဆရာမချမ်းချမ်းသည် စစ်ကော်မရှင်တပ်နှင့် ပတ်သက်ဆက်နွှယ်နေသည့် သတင်းအချက်အလက်များ ၂၀၂၃ နှစ်စပိုင်းမှ စတင်ရရှိခဲ့သော်လည်း ၎င်းသည် မြန်မာပြည်သူလူထုနှင့် တောင်ကိုရီးယားရောက် မြန်မာပြည်သူကြားတွင် လူသိများကာ လွှမ်းမိုးမှု အသင့်အတင့်ရှိ၍ သက်သေနှင့်တကွ ဖော်ထုတ်နိုင်ရန် စီစဉ်နေခဲ့ခြင်းဖြစ်သည်ဟု ကိုရီးယားရောက် တော်လှန်ရေးတက်ကြွသူကဆိုသည်။
“ကျွန်တော်တို့အနေနဲ့ စောင့်ကြည့်နေတာတော့ ကြာပါပြီ။ ၂၀၂၃ အစောပိုင်းကတည်းက တချို့အပြုအမူတွေ၊ အပြောအဆိုတွေ စစ်တပ်နဲ့ သိသိသာသာတမျိုး၊ မသိမသာတမျိူး ပါဝင်ဆောင်ရွက် ပတ်သက်နေတာတွေ သိထားတာရှိပါတယ်။ ဒါအချိန်အခါက အခုမှ ပေးလာလို့ လူထုကို သက်သေနဲ့ ချပြနိုင်တဲ့အဆင့်ထိ ရောက်တာပေါ့နော်။ တဖက်မှာလည်း သူက အတိုင်းအတာခုထိအောင် Image ယူထားတာရှိတဲ့အတွက်ကြောင့် သက်သေအချက်အလက်မရှိရင် ဘယ်သူမှဒါကို လက်ခံမှာမဟုတ်ဘူးဆိုတော့ ဒါကြောင့်မို့ ခုလောက်ထိ အချိန်ယူပြီး သေချာမှ ချပြတာပါ”ဟု ပြောသည်။
လက်ရှိတွင် ဆရာမချမ်းချမ်းသည် ၎င်း၏ လူမှုကွန်ရက်တွင် စာသားမှတ်ချက်ရေးသားခွင့် (Comment ) ပိတ်ထားပြီး Followers့ များ ဆက်တိုက်ကျဆင်းနေသည်။ ၎င်းသည် လူမှုကွန်ရက်တွင် ကိုရီးယားဘာသာစကားများ ပို့ချသင်ကြားပေးနေသလို ကိုရီးယားဘာသာစကားသင်တန်းကျောင်း Chan Chan School ကိုလည်းဖွင့်လှစ်ထား သည်။

အပြုံးလေးက လှလိုက်တာ
တပ်မတော်နေ့မှာ လူပေါင်းများစွာ သတ်ခဲ့တာကို ဂုဏ်ပြုနေသလိုပါပဲ 🤣
Photo credit


Leave a Reply