ကမ္ဘာ့အရေးကိစ္စတွေကြောင့် ရေနံနဲ့ စက်သုံးဆီ အကျပ်အတည်းကို တကမ္ဘာလုံး ခံစားနေရပါတယ်။
စက်သုံးဆီစျေးနှုန်း ကြီးမြင့်ခြင်းနဲ့ ပြတ်တောက်ခြင်းတို့ကို ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေက သင့်တော်တဲ့ မူဝါဒတွေ ချမှတ်ပြီး ရင်ဆိုင်ဖြေရှင်း နေကြပါတယ်။
ကမ္ဘာ့သတင်းတွေကို ကြည့်လိုက်ရင် လတ်တလော စက်သုံးဆီ ကိစ္စမှာ ကသောင်းကနင်း အဖြစ်ဆုံးနဲ့ ရှုပ်ထွေးမှု အများဆုံးက မြန်မာနိုင်ငံ ဖြစ်နေတာကို တွေ့ရပါတယ်။
ကမ္ဘာ့တခြားဒေသတွေကို ထားလိုက်ဦး လက်လှမ်းမီတဲ့ အာဆီယံဒေသမှာတော့ ဆီကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ အသံ ကျယ်လောင်စွာ ထွက်နေတာကတော့ ရွှေမြန်မာတွေပဲ ဖြစ်ပါတယ်။
မြန်မာပြည်မှာသာ အလုအယက် ဆီတန်းစီနေကြတဲ့ အဖြစ်၊ တန်းစီရင်း ကွယ်လွန်၊ မူးလဲ၊ ရ၊န်ဖြစ်ကြတဲ့ အဖြစ်၊ ဆီမရလို့ တောင်သူလယ်သမားတွေ ဒုက္ခရောက်ကြရတဲ့ အဖြစ်တွေနဲ့ ကြုံနေရပေမယ့် တခြား အာဆီယံနိုင်ငံတွေမှာတော့ တည်ငြိမ်နေတာ တွေ့ရပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ဆီတန်းစီနေကြပေမယ့် မြန်မာပြည်လို ရုပ်ပျက်ဆင်းပျက် ဖြစ်မနေပါဘူး။
အာဆီယံ ဒေသမှာ လူဦးရေ အများဆုံး ဖြစ်တဲ့ အင်ဒိုနီးရှား၊ သယံဇာတ မရှိတဲ့ လာအို၊ မြန်မာနဲ့ မတိမ်းမယိမ်း ကမ္ဘောဒီးယား၊ ဆင်းရဲမွဲတေမှု များတဲ့ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေမှာလည်း ဆီကိစ္စမှာ မြန်မာပြည်လောက် အသည်းအသန် ဖြစ်မနေကြပါဘူး။
ဗီယက်နမ်နိုင်ငံဆို စက်သုံးဆီနဲ့ ပတ်သက်တဲ့ အခွန်တွေ လျှော့ပေးလိုက်တာကြောင့် စက်သုံးဆီစျေးတွေတောင် ကျသွားခဲ့ပါတယ်။
ကိုယ့်နိုင်ငံသားတွေကို အမြဲစောင့်ရှောက်တဲ့ စင်ကာပူ၊ မလေးရှားနဲ့ ဘရူနိုင်းတို့ကတော့ ပြောစရာကို မလိုတဲ့ အခြေအနေပါပဲ။
အဲဒီနိုင်ငံတွေ အရန်ဆီ ဘယ်နှရက်စာ ကျန်တယ်လို့ ကြေညာတာကလည်း ပြည်သူတွေ သုံးစွဲမှု လျှော့ချဖို့ အသိပေးတဲ့ သဘောပါပဲ။
ရွှေပြည်ကြီးကတော့ တခြားအာဆီယံနိုင်ငံတွေနဲ့ မတူ တမူထူးခြားပြီး ပြောင်းပြန်ပါပဲ။
ရက် ၅၀ စာ ဆီတွေ ကျန်သေးတယ်၊ သင်္ဘောကြီး ဘယ်နှစင်း လာနေပြီလို့ ပြောနေပေမယ့်လည်း မှောင်ခိုလောက အလျင်အမြန် ကြီးထွားလာနေပါတယ်။
ဆီတန်းစီတဲ့သူတွေ လျော့မသွားတဲ့အပြင် တောင်သူ လယ်သမားတွေ ဆီလုံးဝ မရတဲ့ အခြေအနေ ဖြစ်နေပါပြီ။
မြန်မာပြည်မှာ ဆီကိစ္စ ဒီလောက် ဖြစ်သွားရတဲ့ အကြောင်းရင်းကတော့ အစိုးရရဲ့ မူဝါဒကြောင့်ပဲ ဖြစ်ပါတယ်။
အသုံးမဝင်တဲ့ စုံမ အမိန့်ကို ဆက်သုံးနေခြင်း၊ လက်ကျန်ရှိနေတဲ့ ဆီတွေကို အဖွဲ့အစည်းတခုတည်း အသုံးပြုဖို့ သိမ်းထားပြီး ကျန်တဲ့ ခွဲတမ်းကိုသာ ပြည်သူတွေကို ပေးခြင်း၊ တိကျတဲ့ မူဝါဒ မရှိဘဲ ဆေးမြီးတို နည်းလမ်းတွေနဲ့ ဖြေရှင်းနေခြင်း စတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။
အဲဒီအချက်တွေကို လျစ်လျူရှုပြီး တကမ္ဘာလုံး ဖြစ်နေကြတာ မြန်မာပြည်မှာလည်း ကြိတ်ခံကြ ဆိုတဲ့ ဝါဒဖြန့် အကွက်တွေနဲ့ ပြည်သူကို ဦးနှောက်ဆေးနေကြပါတယ်။
ကိုယ်သိချင်တဲ့ သတင်းအချက်အလက်ကို စက္ကန့်ပိုင်းအတွင်း သိရတဲ့ ဒီလိုခေတ်ကြီးထဲမှာ ပြည်သူတွေအနေနဲ့ မျက်စိဖွင့်၊ နားစွင့် ထားဖို့ လိုအပ်ပါတယ်။
ကိုယ့်မျက်စိရှေ့မှာ မြင်ရတဲ့ သတင်းအချက်အလက်တွေကိုလည်း သူများ ပြောသမျှ မယုံသင့်ဘဲ စိစစ် သုံးသပ်တတ်ဖို့ အရေးကြီးကြောင်း ဖော်ပြလိုက်ရပါတယ်။


Leave a Reply