အမေရိကန်၏ ပိတ်ဆို့မှုနှင့် FBI ၏ သတိပေးချက်များရှိသော်လည်း DKBA နယ်မြေ မြဝတီဒေသအတွင်း ငွေလိမ်ခြံဝင်း ၂၂ ခုထိ ရှိလာ
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်ခြမ်း မင်းလက်ပံကျေးရွာနှင့် ဖလူးကျေးရွာတို့တွင် စစ်ကော်မရှင်တပ်နှင့် KNU, PDF, တော်လှန်ရေးတပ်ဖွဲ့တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေသည့်အချိန်တွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)တပ်ဖွဲ့မှ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်ရန် ခြံဝင်းများကို ဆက်လက်ဆောက်လုပ်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများအရ နှင့် DKBA အသိုင်းအဝိုင်းများထံမှ သိရသည်။
၂၀၂၄ခုနှစ် စတင်ကာ လက်လွှတ်ခဲ့ရသည့် စစ်စခန်းကုန်းများကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကော်မရှင်တပ်က ဝေါလေလမ်းပိုင်းကို စစ်အင်အားအလုံးအရင်းနှင့် ပြင်းထန်သည့် ထိုးစစ်များ ပြုလုပ်လျက်ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ တော်လှန်ရေးတပ်ဖွဲ့တို့ ထိန်းချုပ်ထားသော မင်းလက်ပံကျေးရွာနှင့် ဖလူးကျေးရွာတို့ကို ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်သည် လက်နက်ကြီးများ ကာမီကာဇေ အသေခံဒရုန်းများဖြင့် တိုက်ခိုက်လျက်ရာ DKBAပိုင် အွန်လိုင်းငွေလိမ်ခြံဝင်းထဲကို ငါးကြိမ်ကျော် ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု ရှိသည့်အပြင် သေဆုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ယင်းကဲ့သို့ တိုက်ပွဲပြင်းထန်လျက်ရှိသော ဒေသတွင် DKBA မှ အွန်လိုင်းငွေလိမ်လုပ်ငန်းကို မစွန့်လွှတ်ရုံသာမက ဆက်လက်ပြီး ခြံဝင်းကြီးများ ထပ်မံဆောက်လုပ်နေကြောင်း DKBA အသိုင်းဝိုင်းများထံမှ သိရသည်။
“ဒီနေရာကို ဗုံးကြဲရင် နောက်တနေရာပြောင်းမယ်ဆိုတဲ့ အစီစဉ်နဲ့ သူတို့ ခြံဝင်းတွေ ဆက်ဆောက်နေတာ။ အခုဆိုရင် ရွာတွေမှာ အခြေနေမကောင်းတော့ ဟိုး တောထဲထိကို အဆောက်အဦတွေ ဆောက်ပြီးလုပ်နေတာ။ ဖိုးဆန်းအောင် (ဗိုလ်ချုပ်စောဆန်းအောင်)အမိန့်နဲ့ လုပ်နေတာလို့ သိထားတယ်”ဟု အမည်မဖော်လိုသူ DKBA တပ်မိသားစုဝင်တဦးက ပြောသည်။
ဖလူးလေးကျေးရွာ တောလမ်းကနေ ဝင်ရောက်နိုင်သည့် တောင်ကြောပေါ်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်းနှစ်ခုနှင့် သဲဖြူချောင်းလမ်းမှတဆင့် သွားရောက်နိုင်သည့် တောလမ်းထဲတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်း တခုကို ဆောက်လုပ်ထားပြီး လုပ်ငန်းများ ဆက်လက်လည်ပတ်လျက်ရှိနေသည်။
ထို့အပြင် ဝေါလေလမ်းမကြီးဘေးရှိ ဝါးမီးထကျေးရွာအနီးတွင် ယခုမတ်လမှ စတင်ကာ အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်းတခုကို အမြန်ဆောက်လုပ်နေကြောင်းလည်း သိရသည်။

ရရှိထားသည့် အချက်အလက်များအရ နှစ်ထပ်အမြင့် အဆောက်အဦများကို နှစ်လအတွင်း အပြီးတည်ဆောက်နိုင်သလို လေးထပ်အဆောက်အဦနှင့် ဇိမ်ခံအဆောက်အဦများကို လေးလအပြီး တည်ဆောက်နိုင်သည့် ဆောက်လုပ်ရေးလုပ်သားများဖြင့် ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းအတွက် လိုအပ်သည့် အခြေခံပစ္စည်းများကို ထိုင်းနိုင်ငံမှ တဆင့် DKBA ထိန်းချုပ်နယ်မြေများဖြစ်သည့် နယ်စပ်စည်းမျဉ်းမှ ကွန်တိန်နာကားများနှင့် ဆယ်ဘီးကားများဖြင့် သယ်ဆောင်နေခြင်းဖြစ်သည်။
ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများကို ဟိုက်ယက်အုပ်စု (hayaek)မှ အဓိက တင်သွင်းနေခြင်းဖြစ်ပြီး ဆောက်လုပ်ရေးအတွက် လိုအပ်သည့် ဘိလပ်မြေများကို အုန်းမွှေးလုံးဟုခေါ်သည့် ဘိလပ်မြေဖျော်စက်ပါသည့် ကားများဖြင့် အသင့်ဖျော်ကာ နယ်စပ်လမ်းကို ဖြတ်ကျော်ကာ သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
“ ဟိုက်ယက် တံဆိပ်ကားတွေနဲ့ ဆောက်လုပ်ရေးမှာ သုံးတဲ့ပစ္စည်းတွေ အကုန်သယ်လာတာပဲ။ သံချောင်း၊ သွပ်၊ ကွန်ကရစ်ဘောင် အကုန်သယ်တာ ဘိလပ်မြေဆိုရင် အိတ်နဲ့ မသယ်ဘူး အုန်းမွှေးလုံးလို့ ခေါ်တဲ့ ကားတွေနဲ့ တခါတည်း ဖျော်ပြီးသားကို ယူလာတာ။ ဘိလပ်မြေအိတ်နဲ့ဆိုရင် ထိုင်းဘက်မှာ အခွန်ပေးရတယ်။ အဲ့တော့ သူတို့က ဖျော်ပြီး ကားတွေနဲ့ တခါတည်းသယ်လာတာဆိုတော့ ကမ်းကူးခပဲ ပေးရတာပေါ့”ဟု ဒေသခံတဦးမှ ပြောသည်။
ဆောက်လုပ်ရေးတွင် အဆောက်အဦတည်ဆောက်ခြင်း၊ လျှပ်စစ်၊ ရေ စသည်တို့ကို တရုတ်အင်ဂျင်နီယာများမှ ဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများမှာ မြေသယ်ကားမောင်းခြင်း၊ ပန်ရံ၊ လက်သမား စသည့်အခြေခံအလုပ်များကိုသာ လုပ်ကိုင်ရခြင်းဖြစ်သည်။
DKBAထိန်းချုပ်နယ်မြေထဲတွင် ဘိလပ်မြေစက်ရုံငယ် သုံးခုထက်မနည်း ဆောက်လုပ်ထားပြီး၊ ယင်းစက်ရုံထဲမှ ထွက်ရှိသည့် ဘိလပ်မြေများကို အွန်လိုင်းငွေလိမ်အဆောက်အဦ ဆောက်လုပ်ရာတွင် အသုံးပြုနေကြောင်း သိရသည်။

ထို့အပြင် အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်းထဲရှိ အဆောက်အဦများအတွင်းရှိ ပစ္စည်းများအတွက် တရုတ်နိုင်ငံမှတဆင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ Laem Chabang ဆိပ်ကမ်းမှ ကွန်တိန်နာကားများဖြင့် သယ်ဆောင်လာကာ ထိုင်း-မြန်မာ နယ်စပ်ကတဆင့် မြန်မာပြည်ထဲသို့ သယ်ဆောင်လာခြင်း ဖြစ်သည်။
“ထိုင်းနယ်စပ်ကနေ နယ်စပ်ဖြတ်ပြီး ဝင်လာတာ ကွန်တိန်နာကားတစီးကို ဘတ် ၅၀,၀၀၀ ဝန်းကျင် ထိုင်းဘက်က အကောက်ခွန်ဌာနကို အခွန်ဆောင်ပြီး သွင်းတယ်။ ကွန်တိန်နာအနောက်ပုံးလိုက်ကို သွင်းတာနော်။ ထိုင်း အစိုးရဘက်ကတော့ အခွန်ရတယ် တရားဝင်လည်း ဖြစ်တာပေါ့။ မြန်မာဘက်က အခွန်မရဘူး၊ တရားဝင်မဟုတ်ဘူး။ တရားမဝင်ဘူးဆိုတာ မြန်မာအစိုးရအနေနဲ့ပေါ့ ဒီဘက်က လက်နက်ကိုင်တွေကိုယ်တိုင် သွင်းတာ။”ဟု ထိုင်း-မြန်မာနယ်စပ် ကမ်းကူးလုပ်ငန်းအခြေနေကို သိရှိနားလည်သူ တဦးမှ ဆိုသည်။
တရုတ်နိုင်ငံမှတဆင့် ထိုင်းကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံထဲဝင်ရောက်လာသည့် ယင်းပစ္စည်းများသည် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် လိုအပ်သည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ စားပွဲခုံ၊ ထိုင်ခုံ အစရှိသည့် ပစ္စည်းများဖြစ်ပြီး ခြံဝင်းထဲရှိ ကလပ်၊ ဘား၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ အဝတ်အထည်ဆိုင်၊ အလှပြင်ဆိုင် စသည့်လုပ်ငန်းများအတွက် လိုအပ်သည့်ပစ္စည်းများ ပါဝင်ကြောင်းသိရသည်။
DKBAထိန်းချုပ်နယ်မြေဖြစ်သည့် မြဝတီမြို့ ဆုံးဆည်မြိုင် ဒေသတဝိုက်တွင် ၂၀၂၅ခုနှစ်အထိ အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်းကြီး ၁၉ ခုထိရှိခဲ့ပြီး ယခု ၂၀၂၆ခုနှစ် မတ်လတွင် နောက်ထပ် ခြံဝင်း သုံးခု ထပ်မံပေါ်ပေါက်လာကာ စုစုပေါင်း ၂၂ ခုထိ ရှိနေပြီဖြစ်ကြောင်း မဇ္ဈိမမှ စုံစမ်းသိရှိရသည်။
အဆိုပါ ငွေလိမ်ခြံဝင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းအတည်ပြုရန် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝကို ဖုန်းဆက်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
အမေရိကန်နိုင်ငံသားများအား ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များဖြင့် လိမ်လည်သည့် မြန်မာနိုင်ငံရှိ ဆိုက်ဘာလိမ်လည်မှုစင်တာများအား ထောက်ပံ့ကူညီပေးနေသည့်အတွက် ဒီမိုကရက်တစ်ကရင်အကျိုးပြု တပ်မတော် (DKBA)နှင့် ခေါင်းဆောင် လေးဦးကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) က ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း ၂၀၂၅ခုနှစ် နိုဝင်ဘာ ၁၂ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
DKBA စစ်ဦးစီးချုပ်(ယခု နာယက) စောစတီး၊ စစ်ရေးချုပ် စောစိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် စောဆန်းအောင်၊ ဗိုလ်မှူးချုပ် စိုင်းကျော်လှ နှင့် ထိုင်းနိုင်ငံသားဖြစ်သည့် Trans Asia ၏ ဒါရိုက်တာ ယူကျန်းကျွင်းဟုလည်း ခေါ်သော ချာမူ ဆာဝမ်တို့ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနယ်စပ်တလျောက် အများစုတည်ရှိနေပြီး အဆိုပါနိုင်ငံများထဲထိ ဝင်ရောက်ဖြိုခွင်းသွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ညွန်ကြားရေးမှူးမှ မတ်လအတွင်းက ပြောဆိုခဲ့သည်။
ထို့အပြင် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းစခန်းများ၏ နောက်ကွယ်တွင် တရုတ်ကွန်မြူနစ်ပါတီက ပါဝင်ပတ်သက်နေကြောင်း အမေရိကန်အစိုးရ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI)က ထုတ်ဖော်ပြောထားသည်။


Leave a Reply