‘အီရန်ရေနံကို ရယူလိုကြောင်း’ နှင့် အီရန်ရေနံတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို တာဝန်ယူထားသည့် ပို့ကုန်ဗဟိုချက်ဖြစ်သော ခါ့ဂ်ကျွန်းကို သိမ်းပိုက်ရန် စဉ်းစားနေကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။
“ကျွန်တော့်ဆန္ဒကတော့ ရေနံတွေ ရယူဖို့ ဖြစ်ပါတယ်” ဟု ဖိုင်နန်ရှယ်တိုင်းမ်နှင့် လူတွေ့မေးမြန်းခန်း တွင် ထရမ့်က ပြောကြားခဲ့သည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် အီရန်က ရေနံတွေကို ကျွန်တော့် အရမ်းလိုချင်ပါတယ်၊ ဒါပေမဲ့ အမေရိကန် က ငတုံးတချို့က ‘ဘာလို့ အဲ့ဒါကို လုပ်နေတာလဲ’ လို့ မေးကြတယ်။ ဒီလူတွေက ငတုံးတွေပဲ” ဟု ၎င်းက ဆိုခဲ့သည်။
ယင်းမေးမြန်းခန်းသည် အီရန်၏ ရေနံနှင့်ပတ်သက်၍ ထရမ့်၏ သဘောထားကို အပွင့်လင်းဆုံး ထုတ် ဖော်ပြောကြားချက်များ ဖြစ်လာခဲ့သည်။
ယခုလအတွင်း NBC News နှင့် ပြုလုပ်ခဲ့သော မေးမြန်းခန်းတွင် အီရန်၏ ရေနံကို ရယူရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းချက်ကို ထရမ့်က ရှောင်လွှဲဖြေဆိုခဲ့သည်။
“ဗင်နီဇွဲလားကို ကြည့်လိုက်ပါ၊ လူတွေက အဲ့ဒီအကြောင်း စဉ်းစားဖူးကြပေမဲ့ အခုလောလောဆယ် ပြောဖို့တော့ စောလွန်းပါသေးတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဇန်နဝါရီလတွင် အမေရိကန်က နီကိုးလပ်စ် မာဒူရိုကို ဖမ်းဆီးခဲ့ပြီး ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းအပေါ် ပိုမိုထိန်းချုပ်ရန် ဆောင်ရွက်ခဲ့သည်။
အီရန်ကမ်းလွန်ရှိ သန္တာကျောက်တန်းများဖြင့် ဖွဲ့စည်းထားသော ရှားပါးကျွန်းတကျွန်းဖြစ်သည့် ခါ့ဂ်ကျွန်း ကို သိမ်းယူနိုင်ခြေ အပါအဝင် အမေရိကန်တွင် “ရွေးချယ်စရာများစွာရှိသည်” ဟု ထရမ့်က ဖိုင်နန်ရှယ်တိုင်းမ်သို့ တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ခါ့ဂ်ကျွန်း ကို သိမ်းရင်လည်း သိမ်းမယ်၊ ဒါမှမဟုတ် မသိမ်းဘဲလည်း နေနိုင်တယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်” ဟု ထရမ့်က ဆိုသည်။
“ဒါက ကျွန်တော်တို့ အဲ့ဒီကျွန်းမှာ ခဏတာ ရှိနေရမယ်ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကမ္ဘာတဝန်းတွင် ရေနံဈေးနှုန်းများ ထိုးတက်နေပြီး တနင်္ဂနွေနေ့တွင် အမေရိကန် ရေနံစိမ်းတစည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ ပေါက်ဈေးရှိနေသည်။
အင်အားဖြည့်တင်းမှု၏ အစိတ်အပိုင်းအဖြစ် စစ်သည်အင်အား ၃,၅၀၀ ပါဝင်သော ယူအက်စ်အက်စ် ထရီပိုလီစစ်သင်္ဘောသည် စနေနေ့တွင် ဆိုက်ရောက်လာခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများ စွာသည် အရှေ့အလယ်ပိုင်းသို့ ဦးတည်နေကြသည်။
သို့သော် စစ်ပွဲအဆုံးသတ်ရန် အချက် ၁၅ ချက်ပါဝင်သော အဆိုပြုချက်ကို ညှိနှိုင်းဆောင်ရွက်နေကြောင်း ထရမ့်နှင့် ၎င်း၏ အစိုးရအဖွဲ့က ဆက်လက် အရိပ်အမြွက် ပြောကြားနေဆဲဖြစ်သည်။
ကမ္ဘာ့ရေနံတင်ပို့မှု ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ အရေးပါသော ရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် လာမည့်ရက်ပိုင်းအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်ရရှိနိုင်ခြင်း ရှိ၊ မရှိ အသေးစိတ်အချက်အလက်များကို ပြောကြားရန် ထရမ့်က တနင်္ဂနွေနေ့တွင် ငြင်းဆိုခဲ့သည်။
“ကျွန်တော်တို့ ပစ်မှတ်ပေါင်း ၁၃,၀၀၀ ကို ဗုံးကြဲခဲ့ပြီးပြီ၊ နောက်ထပ် ပစ်မှတ် ၃,၀၀၀ လောက် ကျန်သေး တယ်၊ နောက်ထပ် ထောင်ဂဏန်းလောက်လည်း ကျန်ဦးမယ်” ဟု ထရမ့် က ဖိုင်နန်ရှယ်တိုင်းမ် နှင့် လူတွေ့မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
“သဘောတူညီချက်တခုကိုတော့ တော်တော်လေး မြန်မြန်ဆန်ဆန် ရရှိနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။


Leave a Reply