မြောင်းမြမြို့နယ်၊ ကြွက်နွယ်ချောင်းအုပ်ချုပ်ရေးမှူး မန်းမောင်စန်းဒေးက သားဖြစ်သူကို စစ်မှုထမ်းထဲထည့်ပြီး ငွေကျပ် သိန်း ၁၅၀ ရယူ
ပြည်သူများကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်း၍ စစ်မှုထမ်းကြေး ငွေညှစ်နေ
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကြွက်နွယ်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မန်းမောင်စန်းဒေးက စစ်မှုထမ်းရန် လူငှားခအကြောင်းပြကာ ရွာသားများထံမှ ငွေကြေးအမြောက်အမြား အဓမ္မကောက်ခံနေပြီး ၎င်း၏သားဖြစ်သူကို စစ်မှုထမ်းထဲထည့်ကာ ရွာကောက်ခံရရှိငွေထဲမှ ကျပ်သိန်း ၁၅၀ ကို ကိုယ်ကျိုးအတွက် ရယူခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကြွက်နွယ်ချောင်းအုပ်စုရှိ ငါးမြင်းချောင်း၊ ငါးရွာစု၊ အနောက်စု၊ သူဌေးကုန်းနှင့် ရေကျော်ကုန်း စသည့်ကျေးရွာခွဲများရှိ အိမ်ခြေ ၄၀၀ ကျော်ထံမှ စစ်မှုထမ်းရန် လူငှားခအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် အနည်းဆုံး ၅ သောင်းမှ ငွေကျပ် သိန်းချီ၍ စစ်မှုထမ်း အပတ် စဉ် ၂၃ ခုအထိ တောက်လျှောက် ကောက်ခံခဲ့သည်။
၂၀၂၄ ခုနှစ် စစ်မှုထမ်းစစ်သားများ လစဉ် စတင်ခေါ်ယူချိန် အစပိုင်းတွင် ၁လ ၁ ကြိမ်သာ စစ်မှုထမ်းကြေး ကောက်ခံခဲ့သော်လည်း ယခုအခါ စစ်မှုထမ်းကြေးဟုဆိုကာ ၁ လလျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ တိုးမြှင့်ကောက်ခံလာကြောင်း သိရသည်။
ကြွက်နွယ်ချောင်းအုပ်ချုပ်ရေးမှူး မန်းမောင်စန်းဒေးက ၎င်း၏သားဖြစ်သူကို စစ်မှုထမ်းရန် စေလွှတ်ခဲ့ပြီး လူငှားခအဖြစ် ရွာမှကောက်ခံရရှိထားသည့် ငွေ ကျပ်သိန်း ၁၅၀ ကို ထုတ်ယူသုံးစွဲခဲ့ကြောင်း ၊ လက်ရှိတွင် ၎င်း၏သားမှာ စစ်တပ်အတွင်း အရာရှိများနှင့် ရင်းနှီးမှုယူကာ အချက်အပြုတ်တာဝန်ဖြင့် ရှေ့တန်းထွက်စရာမလိုဘဲ နောက်တန်းတွင်သာ နေထိုင်ခွင့်ရရှိကြောင်း သိရှိရသည်။
ကြွက်နွယ်ချောင်းအုပ်ချုပ်ရေးမှူး မန်းမောင်စန်းဒေးက စစ်မှုထမ်းရန် နာမည်စာရင်းပါသည့် စာအိတ်များကို ခဏခဏဖောက်ကာ နာမည်ပါလာသူများထံမှ ငွေကြေးအဆမတန် တောင်းခံလျက်ရှိသည်ဟု သိရှိရသည်။
“ဖေဖော်ဝါရီလထဲမှာ စစ်မှုထမ်းရမယ်လို့ နာမည်ပါသူ ၁ ဦးဆီကနေ ငွေကျပ် သိန်း ၂၀ သူက သွားတောင်းတယ်။ နောက်ထပ် လူငယ် ၁ ဦးကိုလည်း သိန်း ၂၀ သွားတောင်းတာမှာ ဟိုက မရှိလို့ပါဆိုပြီး ၁၀ သိန်းနဲ့ ကျေနပ်လိုက်တယ်။ စစ်မှုထမ်းကို အကြောင်းပြပြီး ငွေလိုက်ညှစ်တယ်။ ငွေတောင်းတယ်။ အနိုင်ကျင့်တယ်”ဟု ကြွယ်နွယ်ချောင်းကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။
ယခုမတ်လအတွင်းလည်းမြို့နယ်မှ စစ်မှုထမ်း စာအိတ် ၃ လုံး ပေးပို့သည်ဟုဆိုကာ နာမည် ပါလာသူများထံမှ ၁၅ သိန်း၊ ၁၀ သိန်းနှင့် ၈ သိန်းခွဲစီ အသီးသီး တောင်းယူခဲ့ကြောင်း၊ ငွေတောင်းခံရသူများမှာ ဝင်ငွေနည်းမိသားစုများဖြစ်၍ အတိုးဖြင့် ငွေကြေးချေးယူပြီး အုပ်ချုပ်ရေးမှူးထံသို့ ပေးဆောင်ခဲ့ရကြောင်း သိရသည်။
ကြွက်နွယ်ချောင်းအုပ်ချုပ်ရေးမှူး မန်းမောင်စန်းဒေးက ရွာမှကောက်ခံရရှိသည့် ငွေများဖြင့် မြောင်းမြမြို့ပေါ်ရှိ KTV များသို့ သွားရောက် ပျော်ပါးနေပြီး မြို့ပေါ်မှ ထွေ/အုပ်၊ စစ်တပ်နှင့်ရဲ အပါအဝင် အာဏာပိုင်များကို လာဘ်ထိုးကြောင်း သိရှိရသည်။
လက်ရှိတွင် ရွာအတွင်းရှိ လူငယ်များမှာ စစ်မှုထမ်းရန် နာမည်ပါမည်ကို စိုးရိမ်သဖြင့် ထွက် ပြေးတိမ်းရှောင်နေကြရပြီး ကျန်ရစ်သူ မိသားစုဝင်များမှာလည်း နေ့စဉ်နှင့်အမျှ ထိတ်လန့်ကြောက်ရွံ့နေကြရကြောင်း သိရှိရသည်။


Leave a Reply