မြန်မာ-ထိုင်းနယ်စပ်မှာ တစ်ခုတည်းကျန်နေတဲ့ ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်
မြန်မာ- ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာ တစ်ခုတည်းကျန်တော့တဲ့ ဝေါ်လေမြိုင်ကျေးရွာအနီးက ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဒီကနေ့ မတ်လ ၃၁ရက် အစောပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းအရင်းမြစ်တွေက ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဝေါ်လေမြိုင်မြို့အနီးက စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းနဲ့ ထီးသဲလယ် တပ်စခန်းတို့ကို တိုက်ခိုက်နေတာဖြစ်ပါတယ်။
” တိုက်ပွဲက ဖြစ်နေကြတုန်းပဲ။အသေးစိတ်ကိုတော့ တာဝန်ရှိသူတွေ ထုတ်ပြန်ပါလိမ့်မယ်”လို့ ကရင်စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် ကာမီကာဇေဒရုန်းတွေနဲ့ ပါ ခုခံနေတယ်လို့ ပြောပါတယ်။
“ဒီနေ့တစ်နေကုန်နီးပါး လေယာဥ်လာလိုက်၊ ဒရုန်းတွေလာလိုက်ပဲ အဆက်မပြတ် အသံတွေကြားနေရတယ် “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတွေရှိနေပေမယ့် အသေးစိတ်အခြေအနေကိုတော့ မသိရှိရသေးပါဘူး။
တဖက်မှာလည်း ဝေါ်လေဗျူဟာကုန်းတပ်စခန်းက တပ်ဖွဲ့ဝင်တွေကို စစ်ကူပေးဖို့နဲ့ မြဝတီမြို့တောင်ဘက်မှာ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်ရဖို့အတွက် စစ်တပ်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာအတွင်းမှာ စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ရေးလှုပ်ရှားခဲ့ပါတယ်။
အဲ့ဒီလို စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေပေမယ့်လည်း ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဟာ မြဝတီမြို့တောင်ဘက် မင်းလက်ပံနဲ့ ဖလူးကျေးရွာအနီးမှာ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက ဝေါ်လေဗျူဟာကုန်းစခန်းကို ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင်ကစပြီး တိုက်ခိုက်မှုတွေ စတင်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။
မြဝတီမြို့အရှေ့တောင်ဘက်မှာရှိတဲ့ ဝေါလေမြိုင်မြို့က စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည် ပိတ်ဆို့ဖြတ်တောက်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းဟာ ဝေါလေမြို့ရဲ့တောင်ဘက်မှာရှိပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက KNU တပ်မဟာ(၇)၊ တပ်မဟာ(၆) ၊ တပ်မဟာ(၄)က ထိုင်းနယ်စပ်တလျှောက်မှာရှိတဲ့ စစ်တပ်စခန်းတွေကို ၂၀၂၅ ဧပြီကစပြီ ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်နေတာဖြစ်ပါတယ်။
မြဝတီမြို့တောင်ဘက်မှာ တစ်ခုတည်းကျန်တော့တဲ့ ဝေါ်လေဗျူဟာကုန်းစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ရင် ဖလူးကနေ – ဝေါ်လေထိ စစ်တပ်ကင်းစင်သွားမှာလည်းဖြစ်ပါတယ်။
(ဝေါလေဗျူဟာကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကော်ဘရာတပ်ဖွဲ့ဝင်တွေ။ ဓာတ်ပုံ – Cobra Column)


Leave a Reply