လောင်စာဆီရှားပါးသည့်ကာလအတွင်း မြန်မာနှင့် လာအိုသို့ စက်သုံးဆီတင်ပို့မှုအပေါ် ထိုင်းအစိုးရ ဖြေရှင်းချက်ထုတ်
ထိုင်းပြည်တွင်း၌ စက်သုံးဆီအကျပ်အတည်း ဖြစ်ပေါ်လာနိုင်ခြေရှိပြီး ပြည်ပသို့ ဆီတင်ပို့မှုကို ပိတ်ပင်ထားသော်လည်း မြန်မာနှင့် လာအိုနိုင်ငံများသို့ လာအိုနှင့် တစ်ရက်လျှင် စက်သုံးဆီ လီတာငါးသန်းခန့် ဆက်လက်တင်ပို့လျက်ရှိနေခြင်းအပေါ် ထိုင်းအစိုးရက ဖြေရှင်းချက် ထုတ်ပြန်ထားရသည်။
မြန်မာနိုင်ငံသို့ စက်သုံးဆီ တင်ပို့နေခြင်းမှာ ထိုင်းနိုင်ငံရှိ အဓိက လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် မရှိမဖြစ်လိုအပ်သော သဘာဝဓာတ်ငွေ့များကို မြန်မာနိုင်ငံမှ ဆက်လက်ရရှိနိုင်ရန်အတွက် ဖြစ်ပြီး လာအိုနိုင်ငံသို့ တင်ပို့ရခြင်းမှာ ရေအားလျှပ်စစ် ပြန်လည်တင်သွင်းနိုင်ရန်အတွက် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။
ထိုင်းပြည်သူများအနေဖြင့် ဓာတ်ဆီဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး အစိုးရကလည်း အရေးပေါ်စီမံချက်များနှင့် အမိန့်ဒီကရီများ ထုတ်ပြန်ကာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းနေသည်။
အရှေ့အလယ်ပိုင်းစစ်ပွဲ ကြာရှည်လာပြီး ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဒေသတွင်း ရေနံထုတ်လုပ်မှုနှင့် တင်ပို့မှုများကို ထိခိုက်လာပါက စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်သည် လာအိုနှင့် မြန်မာနိုင်ငံမှလွဲ၍ ကျန်ပြည်ပနိုင်ငံများသို့ စက်သုံးဆီတင်ပို့ခြင်းကို ပိတ်ပင်သည့် အမိန့်အား လက်မှတ်ရေးထိုးခဲ့သည်။
သို့သော် ယခုကဲ့သို့ အကျပ်အတည်းကာလတွင် ထိုင်းနိုင်ငံအနေဖြင့် လာအိုနှင့် မြန်မာနိုင်ငံသို့ တစ်ရက်လျှင် စက်သုံးဆီ လီတာငါးသန်းခန့် ဆက်လက်တင်ပို့နေ ခြင်းအပေါ် မေးခွန်းများ ရှိနေဆဲဖြစ်သည်။
ယခုကဲ့သို့တင်ပို့ခြင်းမှာ နှစ်နိုင်ငံချုပ်ဆိုထားသည့် ကတိကဝတ်များကြောင့်သာမကဘဲ စွမ်းအင်စီမံခန့်ခွဲမှု မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ကြောင်း ထိုင်းအစိုးရ၏ အရှေ့အလယ်ပိုင်း တိုက်ပွဲများစောင့်ကြည့်ရေး အစိုးရဗဟိုဌာန၏ ရှင်းလင်းချက် ထုတ်ပြန်ထားသည်။
အထူးသဖြင့် သဘာဝဓာတ်ငွေ့ (Spot LNG) ဈေးနှုန်းမှာ တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၁၀ မှ ၂၅ ဒေါ်လာအထိ မြင့်တက်သွားပြီးနောက် လျှပ်စစ်ထုတ်လုပ်မှုစရိတ် အဆမတန် မြင့်တက်လာနိုင်ခြင်းကြောင့် ဖြစ်သည်။
အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကောင်စီ (NESDC) ၏ အထွေထွေအတွင်းရေးမှူး ဒါနူချာ ပီချာယာနန်က ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနှစ်နိုင်ငံသို့သာ ဆီတင်ပို့မှုကို ကန့်သတ်ထားသည်ဟုဆိုသည်။
လက်ရှိတွင် တစ်ရက်လျှင် တင်ပို့မှုပမာဏကို လီတာငါးသန်းဝန်းကျင်တွင် ကန့်သတ်ထားပြီး လာအိုသို့ လီတာလေးသန်းကျော်နှင့် မြန်မာသို့ သုံးသိန်းဝန်းကျင် တင်ပို့နေခြင်းဖြစ်သည်။
လာအိုနိုင်ငံသို့ ဆီဆက်လက်ပို့နေရခြင်းမှာ နှစ်နိုင်ငံစွမ်းအင်ပူးပေါင်းဆောင်ရွက်မှု၊ အထူးသဖြင့် လာအိုမှ ရေအားလျှပ်စစ် တင်သွင်းနေမှုကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ကမ္ဘာ့ LNG ဈေးနှုန်းများ ဆက်လက်မြင့်တက်နေပါက ထိုင်းနိုင်ငံအနေဖြင့် လျှပ်စစ်ထုတ်လုပ်ရာတွင် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးတို့ကို မျှတစွာအသုံးပြုသည့် စွမ်းအင်အရောအနှော (Energy Mix) စနစ်ကို ပြောင်းလဲ အသုံးပြုရမည် ဖြစ်သည်။
ထို့အပြင် ဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်ချိန်တွင် လျှပ်စစ်ခဈေးနှုန်းကို လျှော့ချနိုင်ရန် ရှေ့လာမည့်ကာလများ၌ လာအိုမှ ရေအားလျှပ်စစ်ကို ပိုမိုတင်သွင်းရဖွယ်ရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံကို ဆက်လက်ပံ့ပိုးပေးရန် လိုအပ်နေခြင်းဖြစ်သည်။
မြန်မာဘက်မှ သဘာဝဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် တင်သွင်းနေရခြင်းကြောင့် ဆီဆက်လက်ပို့ပေးနေခြင်း ဖြစ်သည်ဟုဆိုသည်။
အဆိုပါ ဓာတ်ငွေ့များကို ထိုင်းနိုင်ငံအနောက်ပိုင်း ပိုက်လိုင်းများမှတစ်ဆင့် တင်သွင်းပြီး ရာ့ချ်ဘူရီ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများအတွက် လျှပ်စစ်ထုတ်လုပ်ရာ၌ အသုံးပြုနေသည်။
“ရှေ့လျှောက် LNG ဈေးနှုန်းတွေ တက်လာရင် စွမ်းအင်အရောအနှော စီမံကိန်းအတိုင်း လျှပ်စစ်ထုတ်လုပ်မှုကို ပြုပြင်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်” ဟု အထွေထွေအတွင်းရေးမှူး ဒါနူချာ ပီချာယာနန်က ပြေကြားသည်။
ပုံစာ-ထိုင်းနိုင်ငံအခြေစိုက် PTT Exploration and Production Plc (PTTEP) ကုမ္ပဏီ၏ မြန်မာ့ကမ်းလွန်ရှိ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခု။
(ဓာတ်ပုံ – PTTEP)
ထိုင်းကမြန်မာကိုဆီလီတာ(၃)သိန်းနေ့စဥ်ပေးပို့နေ
မြန်မာနိုင်ငံသို့ လောင်စာဆီ တင်ပို့မှုကိုပိတ်ပင်သွားမည်မဟုတ်ကြောင်း၊
ယခုအခါနေ့စဥ် လောင်စာဆီ လီတာပေါင်း(၃)သိန်းခန့် တင်ပို့လျက်ရှိကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြချက်အရသိရှိရသည်။
ထိုင်းနိုင်ငံရှိ အဓိကလျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံအတွက် မရှိမဖြစ်လိုအပ်သည့် သဘာဝဓာတ်ငွေ့ကို မြန်မာနိုင်ငံထံမှ ဆက်လက်တင်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံသို့ လောင်စာဆီ ပြန်လည်တင်ပို့ပေးနေရခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် လောင်စာဆီပြတ်လပ်မှုဖြစ်ပေါ်နိုင်သည့်ကိစ္စရပ်နှင့် ပတ်သက်၍ ဝန်ကြီးချုပ် အနုတင်ချာန်ဝီရာကုလ်က လာအိုနှင့် မြန်မာမှအပ အခြားနိုင်ငံခြားနိုင်ငံများသို့ လောင်စာဆီတင်ပို့မှုကို တားမြစ်သည့် အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။


Leave a Reply