အိန္ဒိယတွင် လမ်းဘေးခွေးများကို ကြောက်ရွံ့စရာနှင့် သံသယဖြစ်စရာ တိရစ္ဆာန်များအဖြစ် ရှုမြင်လေ့ ရှိကြသည်။ မကြာသေးသည့်နှစ်များအတွင်း မြို့ကြီးများနှင့် ကျေးလက်ဒေသများ၌ ခွေးကိုက်ခံရမှု သတင်းများ ပိုမို များပြားလာခဲ့သည်။ အိန္ဒိယအစိုးရ သတင်းပြန်ကြားရေးဌာန၏ အစီရင်ခံစာများအရ ၂၀၂၅ ခုနှစ် တနှစ်တည်းမှာပင် တနိုင်ငံလုံးအတိုင်းအတာဖြင့် ခွေးကိုက်ခံရမှု ဖြစ်စဉ်ပေါင်း ၄၂၉,၆၆၄ ခု ခန့် ရှိခဲ့ကြောင်း သိရသည်။
မိဘများဆိုလျင်လည်း လမ်းကြားလေးများ သို့မဟုတ် လူနေရပ်ကွက်များအတွင်း သွားလာနေကြသည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် လူကြီးများအတွက်ပါ ခွေးကိုက်ခံရမည့်အန္တရာယ်အပေါ် စိုးရိမ်ပူပန်နေကြရသည်။
သို့သော် မကြာသေးခင်က ပေါ်ပေါက်ခဲ့သော ဖြစ်ရပ်တခုက “လမ်းဘေးခွေး” ဆိုသည်မှာ အမှန်တကယ် အားဖြင့် ဘယ်လို သတ္တဝါမျိုးဖြစ်သလဲဆိုသည့်အပေါ် ကျွန်ုပ်တို့၏ အမြင်များကို ပြောင်းလဲသွားစေရန် တွန်းအားပေးနေသကဲ့သို့ ရှိနေသည်။
ဩရိဿပြည်နယ်၊ မယုဘန်ခရိုင် တွင် အမည်မရှိသော ခွေးလေးတကောင်သည် “ကာလီ” ဟုအမည်တွင်သည့် သူရဲကောင်း ခွေးလေးတကောင် ဖြစ်လာခဲ့သည်။
ကလေးငယ် ၃၀ ကျော်၏ အသက်ကို ကယ်တင်ခဲ့သော လမ်းဘေးခွေးလေး ကာလီ
အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်၊ မယုဘန်ခရိုင်၊ ဒီရာကူလာရွာမှ လမ်းဘေးခွေးမလေး ကာလီကို အဆိပ်ပြင်းမြွေတကောင်၏ အန္တရာယ်မှ သူငယ်တန်းကလေးငယ်အယောက် ၃၀ ကျော်ကို ကာကွယ်ရန် သူ၏အသက်ကို ပေးဆပ်သွားခဲ့သူအဖြစ် ယခုအခါ လူအများက အမှတ်ရနေကြပြီဖြစ်သည်။
Odisha TV ၏ သတင်းဖော်ပြချက်အရ ပြီးခဲ့သည့် တနင်္လာနေ့ မနက် ၈ နာရီခွဲခန့်တွင် သီရိ ဂျာဂန်နတ် ရှီရှူး ဗိဒ်ယ မန်ဒီယာ စာသင်ကျောင်းမှ သူငယ်တန်းကျောင်းသား ၃၀ ကျော်သည် ကျောင်းအပြင်ဘက်တွင် ထိုင်နေကြစဉ် အဆိပ်ပြင်းမြွေဟောက်ကြီးတကောင်က ကျောင်းဝန်းအနီးသို့ အန္တရာယ်ရှိစွာ တွားသွားဝင်ရောက်လာခဲ့သည်။
ယင်းအခိုက်အတန့်၌ မည်သည့်လူကြီးတဦးတယောက်မျှ မတုံ့ပြန်နိုင်သေးခင်မှာပင် လမ်းဘေးခွေးလေး ကာလီသည် အန္တရာယ်ကို ရိပ်စားမိသွားပြီး မဆိုင်းမတွဘဲ မြွေကို ချက်ချင်းခုန်အုပ် တိုက်ခိုက်လေတော့သည်။ ကာလီသည် မြွေနှင့် ကလေးများအကြား ပြေးဝင်ရင်ဆိုင်ကာ မြွေဟောက်ကြီးနှင့် ထိပ်တိုက်တွေ့ပြီး ပြင်းထန်စွာ တိုက်ခိုက်လေတော့သည်။
အသက်ပေးခဲ့ရသော တိုက်ပွဲ
မြွေသည် ကာလီကို အကြိမ်ကြိမ် ပေါက်နေသော်လည်း ကာလီသည် နောက်မဆုတ်ဘဲ ရဲရဲဝံ့ဝံ့ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ရွာသားများက ပြန်ပြောပြကြသည်။ ကာလီသည် မြွေကို သတ်နိုင်ခဲ့သော်လည်း မြွေနှင့် တိုက်ပွဲအတွင်း ပါးစပ်ကို အကိုက်ခံခဲ့ရပြီးနောက် အဆိပ်တက်ကာ သေဆုံးသွားခဲ့ရသည်။
ခွေးလေး၏ ဒဏ်ရာများမှာ ပြင်းထန်လှသော်လည်း သူ၏ ရန်လိုမှုနှင့် ဇွဲနဘဲကြောင့် မြွေသည် ကလေးများရှိရာသို့ မရောက်ရှိနိုင်ခဲ့ပေ။ နောက်ဆုံးတွင် ကာလီသည် မြွေကို အောင်မြင်စွာ သတ်နိုင်ခဲ့ပြီး ကလေးငယ်တဦးတယောက်မျှ ထိခိုက်ဒဏ်ရာ မရရှိစေအောင် အကာအကွယ်ပေးသွားနိုင်ခဲ့သည်။
ထိုကာကွယ်မှုအတွက် ပေးဆပ်လိုက်ရသည့် တန်ဖိုးကတော့ ကာလီ၏ အသက်ပင် ဖြစ်သည်။ မြွေသေသွားပြီးနောက် မကြာမီမှာပင် ကာလီသည် လဲကျသွားခဲ့ပြီး မြွေဆိပ်ကြောင့် သေဆုံးခဲ့ရသည်။ သူ၏ စွန့်လွှတ်အနစ်နာခံမှုကြောင့် တရွာလုံး အံ့အားသင့်ခဲ့ရသလို ကျေးဇူးလည်း တင်ရှိနေကြသည်။
သူရဲကောင်းတဦးအတွက် နောက်ဆုံးနှုတ်ဆက်ခြင်း
ဒီရာကူလာရွာတွင်တော့ ကာလီ၏ သေဆုံးမှုကို သာမန်လမ်းဘေးခွေးတကောင် သေဆုံးမှုကဲ့သို့ သဘောမထားခဲ့ကြပေ။ Dailyhunt သတင်းအရ ရွာသားများသည် “လမ်းဘေးခွေးလေး ကာလီကို စိတ်မကောင်းစွာဖြင့် နောက်ဆုံးနှုတ်ဆက်ခြင်းတို့ ပြုလုပ်ခဲ့ကြပြီး လူသားများအတွက်သာ ပြုလုပ်လေ့ရှိသည့် အခမ်းအနားများအတိုင်း နောက်ဆုံးခရီးကို စီစဉ်ပေးခဲ့ကြသည်” ဟု သိရသည်။
၎င်းတို့သည် ကာလီ၏ အသက်မဲ့ ရုပ်အလောင်းကို အဖြူရောင်ပိတ်စဖြင့် လွှမ်းကာ ပန်းများဖြင့် အလှဆင်ခဲ့ပြီး မြေမြှုပ်သင်္ဂြိုဟ်ခြင်း မပြုမီ လက်တွန်းလှည်းပေါ်တင်၍ ရွာပတ်ကာ စီတန်းလှည့်လည် ဂုဏ်ပြုခဲ့ကြသည်။ ဒေသခံအများအပြားအတွက်ကတော့ ကာလီသည် လမ်းဘေးတွင် သတိမမူမိခဲ့ကြသော ခွေးတကောင်အဖြစ်မှ ရွာရှိကလေးငယ်များ၏ “အစောင့်အရှောက်သူရဲကောင်း ခွေး” တကောင် ဖြစ်သွားခဲ့ပြီ ဖြစ်ပေသည်။


Leave a Reply