ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတယောက် အိမ်သာကျင်းထဲ ကျပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ဧပြီ ၂၆ ရက်မှာ ပြောပါတယ်။

ဧပြီ ၂၄ ရက် ည ၈ နာရီဝန်းကျင်မှာ ညဈေးအဖြစ် ပြောင်းလဲဆောက်လုပ်နေတဲ့ နေရာရဲ့ ဈေးအိမ်သာအတွက် တူးနေတဲ့ ကျင်းထဲကို ဆိုင်ကယ်မောင်းနေတဲ့ အမျိုးသားတယောက် ညပိုင်း ဆိုင်ကယ်မောင်းရင်း ကျင်းထဲကျပြီး ခန္ဓာကိုယ်ကို သံချောင်းတွေဖောက်ဝင် သေဆုံးခဲ့တာလို့ သိရပါတယ်။

မြို့ခံတယောက်က “မြေတွင်းထဲ လူကျပြီးသေတာ၊ ဗိုက်မှာ သံချောင်းနဲ့ ထိုးမိတာလား မသိဘူး၊ ဒဏ်ရာ ၆ ခုလောက်ရှိတယ်။ ညာဘက်ဦးခေါင်းက သွေးထွက်နေပြီး သတိမလည်လာဘူး။ service ကျင်း တူးထားပေမဲ့ ဘာအကာအရံမှမရှိဘူး၊ မကာထားဘူး။ အဲဒီနားက မှောင်နေတော့ ပြုတ်ကျသွားတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

သေဆုံးသူကို တွေ့ရှိတဲ့ အနီးအနားက လူတွေက အရေးပေါ် အသက်ကယ်နည်း ပြုလုပ်ပြီး စဝ်စံထွန်းဆေးရုံကို ပို့ပေးခဲ့ပေမဲ့ အသက်မမီဘူးလို့ ပြောပါတယ်။ သေဆုံးသူက အရပ်မြင့်မြင့် အသားညိုတယ်လို့ သိရပေမဲ့ ဘယ်သူဆိုတာကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လူသေဆုံးမှုကို ဖျောက်ထားပြီး ဖြစ်စဥ်ဖြစ်ပြီး နောက်ရက်မှာတော့ ဆောက်လက်စ အိမ်သာကျင်းအနီး အစိမ်းစကာထားကာ စလပ်လောင်းဖို့အတွက် လုပ်နေကြတယ်လို့ သိရပါတယ်။

နာရီစင်အနီးက ညဈေးနေရာကို မြို့မဈေး အနောက်မြောက်ထောင့်ကို ရွှေ့လိုက်တာကြောင့် ဈေးရောင်းကြတဲ့သူတွေအနေနဲ့ ဈေးရောင်းဖို့ ခက်ခဲတာ၊ မီးရေး ထင်းရေးအတွက် စိတ်မချရတာတွေ ရှိနေတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့ကို စစ်တပ်နဲ့ပတ်သက်တဲ့ ခရိုနီနဲ့ အုပ်ကြီးတွေက ပူးပေါင်းပြီး ညဈေး နေရာရွှေ့ပြောင်းတာ၊ ဘောလုံးကွင်းတိုက်တန်းက ဆိုင်ခန်းနဲ့ တိုက်ခန်းတွေကို ဖျက်ခိုင်းတာ၊ ဘုရားဖြူက ခြင်းခတ်ကွင်းကို ဖျက်ပြီး လူနေအိမ်ဆောက်တာတွေကို လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Photo: ဒေသခံ


Leave a Reply

Your email address will not be published. Required fields are marked *