စစ်ရေးတင်းမာမှုကြောင့် စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်မှာ စစ်တပ်က အင်အား ၇၀၀ ခန့်နဲ့ စစ်ကြောင်းထိုးနေပြီး ၃ လနီးပါးကြာလာတဲ့ စစ်ရေးတင်းမာမှုကြောင့် ဒေသခံစစ်ဘေးရှောင်တွေ အကူအညီ လိုအပ်နေပါတယ်။

ပုလဲမြိုနယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းကတည်းက စစ်ရေးတင်းမာခဲ့တာကနေ လက်ရှိ ဧပြီလကုန်ပိုင်းအထိ တိုက်ပွဲတွေဖြစ်နေတာပါ။

” ပထမဝင်လာတာ အင်အား ၃၀၀ ကျော်၊နောက်ထက် နမခကနေ ထပ်ပို့တာ ၃၀၀ကျော်။ အဲ့ဒီနှစ်ကြောင်းပေါင်းပြီး စစ်ကြောင်းထိုးနေတာ။ ကျမတို့ရွာကိုလည်း မီးရှို့သွားပြီ”လို့ ပုလဲမြို့ခံတစ်ဦးက ပြောပါတယ်။

‌ပုလဲမြို့ကိုရောက်နေတဲ့ စစ်တပ်စစ်ကြောင်းဟာ ဧပြီ ၂၁ ရက်မှာ ကိုင်းတွင်းကျေးရွာဝင်ရောက် မီးရှိုးသွားပြီး ဘေးပတ်ဝန်းကျင်ရွာတွေကို ဆက်ပြီး မွှေနှောက်နေတယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလဆန်းမှာ ပုလဲမြို့နယ်ထဲက ဗိုလ်နဂါးရဲ့ BNRA စခန်းတွေကို PDF နဲ့ ပကဖတွေက ဖယ်ရှားရာကနေ ဖေဖော်ဝါရီ ၁၇ရက်မှာ တိုက်ပွဲစဖြစ်ခဲ့ပြီး BNRA ခေါင်းဆောင်ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်တချို့ကစစ်တပ်ထံ အညံ့ခံသွားပါတယ်။

PDF နဲ့ ပကဖထံ BNRA တပ်ဖွဲ့ဝင် ၂၀၀‌ ကျော်လက်နက်ချခဲ့ပြီး ဗိုလ်နဂါးနဲ့ အနီးကပ်နေထိုင်ကြတဲ့ သုဘရာဇာ၊ ဒေါင်းညို၊ စစ်နိုင်ဆိုသူတွေလည်း ပါဝင်ပါတယ်။

လက်ရှိမှာ စစ်တပ်က ပုလဲနဲ့ ယင်းမာပင်မြို့နယ်အပြင် ယင်းမာပင်ခရိုင်က ကနီ၊ဆားလင်းကြီးမြို့နယ်တွေကို စစ်ကြောင်းဝင်နေပြီး ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေပါတယ်။

၃လတာတိုက်ပွဲအတွင်း ကာကွယ်‌ရေးရဲဘော်အချို့ကျဆုံးခဲ့သလို စစ်တပ်က သေဆုံးသူ ၁၀၀ကျော်နေပြီလို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။

လက်ရှိမှာ ယင်းမာပင်နဲ့ ပုလဲမြို့နယ်က ကျေးရွာ၂၀ ခန့် ဒေသခံ ၁၀၀၀၀ကျော်ဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပါတယ်။

လက်ရှိနွေရာသီကာလ အပူချိန်မြင့်တက်မှုနဲ့ မိုးသက်လေပြင်းဘေးဒဏ်ကို ရင်ဆိုင်နေရပြီး အကူအညီတွေပေးကြဖို့ ဒေသတွင်း စစ်အာဏရှင်တော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

(ယင်းမာပင်နဲ့ ပုလဲမြို့နယ်အစပ်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေ ထိခိုက်မှုအခြေအနေ။ ဓာတ်ပုံ – KD)


Leave a Reply

Your email address will not be published. Required fields are marked *