ရန်ကုန်ရှိ စူပါမားကတ်ကြီးများနှင့် ကုန်တိုက်အများစုတွင် လျှပ်စစ် မီးမမှန်ခြင်းနှင့် မီးစက်အတွက် စက်သုံးဆီဝယ်ယူရန် ခက်ခဲခြင်း၊ စျေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် အေးခဲထားရမည့် စားသောက်ကုန်ပစ္စည်းများ လုံးဝမတင်တော့

ရန်ကုန်မြို့ရှိ စူပါမားကတ်ကြီးများနှင့် ကုန်တိုက်အများစုတွင် လျှပ်စစ်မီး ပုံမှန် မရရှိခြင်း၊ မီးစက်မောင်းနှင်ရန် စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲရှိခြင်းနှင့် ဆီစျေးနှုန်းအဆမတန် မြင့်မားနေခြင်းတို့ကြောင့် အေးခဲထားရမည့်စားသောက်ကုန်များ၊ ရေခဲမုန့်နှင့် ရေခဲ ချောင်း အပါအဝင် အေးခဲကုန်ပစ္စည်းများအားလုံးကို လုံး၀မတင်တော့ကြောင်း ရန်ကုန်မြို့ အခြေစိုက် စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

ယခု ဧပြီလဆန်းပိုင်းမှစတင်၍ ကုန်တိုက်များ၊ စူပါမားကတ်အများစုတွင် လက်ကျန်အေးခဲကုန်ပစ္စည်းများကို လျှော့စျေးများဖြင့် အမြန်ကုန်အောင် ရောင်းချနေပြီး နောက်ထပ်အသစ်တင်သွင်းမှုများကို ရပ်ဆိုင်းထားလိုက်ကြကြောင်း၊ အဓိကအားဖြင့် ရေခဲ သေတ္တာကြီးဖြင့် အမြဲ အေးခဲထားရသည့် စားသောက်ကုန်နှင့်လူသုံးကုန်များကို တင်သွင်းရောင်းချမှုများကို ကုန်တိုက်များက စတင်ရပ်နားခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်အခြေစိုက် ကုန်တိုက်လုပ်ငန်းနှင့်ဆက်နွယ်နေသော စီးပွားရေးသမားတစ်ဦးက “ အအေးလိုတဲ့ ကုန်ပစ္စည်းတွေက ရေခဲသေတ္တာကြီးတွေနဲ့ အချိန်ပြည့် သိမ်းဆည်းရတာ။ အခုက လျှပ်စစ်မီးကလည်း မမှန်ဘူး၊ မီးစက်မောင်းဖို့ စက်သုံးဆီကလည်း ဝယ်ရတာအရမ်းခက်ခဲတယ်။ စျေးအဆမတန်ပေးပြီး ဝယ်နေရတော့ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် ရေခဲသေတ္တာကြီးတွေကို တော်တော်များများ စပိတ်ကြပြီ။ အေးခဲကုန်တွေကို လုံးဝမတင်ကြတော့ဘူး” ဟု ရှင်းပြသည်။

စစ်တပ်က စက်သုံးဆီချွေတာရေး စီမံချက်ဖြင့် စက်သုံးဆီများကို နိုင်ငံတစ်ဝန်း စည်းကမ်းများဖြင့် တင်းကျပ်ရောင်းချနေပြီး ကားများကို QR စနစ်ဖြင့် ကန့်သတ်ရောင်းချနေကြောင်း၊ လုပ်ငန်းရှင်များမှာမူ ပုဂ္ဂလိကဆီဆိုင်ကြီးများမှတစ်ဆင့် လိုသလောက် ဝယ်ယယူ၍ မရကြောင်း၊ ထို့ကြောင့် မီးစက်မောင်းရန်အတွက် မှောင်ခိုစျေးနှုန်းဖြင့် အဆမတန်ပေး၍ စက်သုံးဆီဝယ်ယူနေရသည့် အခြေအနေဖြစ်နေကြောင်း သိရှိရသည်။

“စက်သုံးဆီက ဝယ်မရတာ မဟုတ်ဘူး။ အထူးသဖြင့်တော့ ဒီဇယ်ပေါ့။ မှောင်ခိုစျေးနဲ့ပေးရင် ရတယ်။ နိုင်ငံတော်ရဲ့ စက်သုံးဆီချွေတာရေး စီမံချက်ဟာ ပုဂ္ဂလိကဆီဆိုင်တွေအတွက် မှောင်ခိုလမ်းကြောင်းကြီး ဟင်းလင်းပွင့်သွားစေပြီး စက်သုံးဆီမဖြစ်မနေ သုံးနေရတဲ့ လုပ်ငန်းရှင်တွေအတွက်တော့ မျက်လုံးပြူးမျက်ဖြူစိုက်စရာ ဖြစ်ကုန်ပါတယ်” ဟု ရန်ကုန်မှ စီးပွားရေးသမားက ရှင်းပြသည်။

ရန်ကုန်မြို့ရှိ စူပါမားကတ်ကြီးများနှင့် ကုန်တိုက်များမှာ နိုင်ငံတော်သို့ နှစ်စဉ် အခွန်ငွေ အမြောက်အမြား ပေးဆောင်နေကြသည့် အခွန်ထမ်းများ ဖြစ်ကြသော်လည်း ယခုကဲ့သို့ အကျပ်အတည်းကာလတွင် မည်သည့် ကူညီမှုမှ မရှိကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။

“တောင်သူတွေကို ပြည်တွင်းဖြစ်ဒီဇယ် ရောင်းပေးသလိုမျိုး လုပ်ငန်းရှင်တွေအတွက်လည်း စက်သုံးဆီ ဘယ်လိုဖြန့်ဝေပေးမလဲဆိုတာ ထပ်စဉ်းစားပေးဖို့ လိုအပ်လာပါပြီ။ အခွန်ထမ်းလုပ်ငန်းရှင်တွေအတွက်လည်း အခုလို အကျပ်အတည်းကာလမှာ နိုင်ငံတော်ဘက်က အဆင်ပြေအောင် တစ်ခုခု ပြန်စီစဉ်ပေးသင့်ပါတယ်” ဟု ကုန်တိုက်လုပ်ငန်းနှင့် ဆက်နွယ်နေသော စီးပွားရေးသမားက ရှင်းပြသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ခဲ့သော အီရန်စစ်ပွဲကြောင့် မြန်မာနိုင်ငံတွင်လည်း စီးပွားရေးလုပ်ငန်းအများအပြား ထိခိုက်လျက်ရှိရာ ယခုအခါ ကုန်တိုက်များနှင့် စူပါမားကတ်ကြီးများပါ စက်သုံးဆီရှားပါးမှုနှင့်​ စျေးနှုန်းကြီး မြင့်မှုဒဏ်ကို အကြီး အကျယ်ခံနေရပြီဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုကြသည်။

ဓာတ်ပုံ- ရန်ကုန်မြို့မှ စျေးဝယ်စင်တာ ကုန်တိုက်တစ်ခု။


Leave a Reply

Your email address will not be published. Required fields are marked *