မန္တလေးမြို့၊ပုသိမ်ကြီးမြို့၊ ရန်ကင်းတောင် ခြေအနီးမှာ ဆိုင်ကယ်စီးလူငယ်တဦးကို လူအုပ်စုတစ်စုက ဧပြီလ ၁၂ ရက်နေ့(သင်္ကြန်အကြိုမတိုင်ခင်တရက်) မှာဆိုင်ကယ်ရော၊လူပါကားပေါ်ဆွဲတင်ခဲ့ကြပါတယ်။ အဲဒီလူငယ်ဟာ Wifi နဲ့တွဲသုံးတဲ့စက် တွေကို ဖြန့်ဖြူး ရောင်းချ နေသူဖြစ်ပြီး တခါတရံကိုယ်တိုင်ပစ္စည်းပို့ ဆောင် ပေး နေတာဖြစ်တယ်လို့ လူငယ်ကိုသိသူကပြောပါတယ်။

အဲဒီနေ့ကလည်း ပစ္စည်းသွားပို့ရင်း အခုလိုဆွဲတင်ခံရတာဖြစ်ပြီး အနီးမှာရှိတဲ့အမျိုးသားကြီးတဦးက မြင်လိုက်တာမို့ လုယက်သူတွေကြားက ပြန်လုရာမှာ ဆိုင်ကယ်တော့ပြန်မရဘဲ လူငယ် တော့ပြန်လွတ်လာတယ်လို့ လူငယ်ရဲ့ဦးလေးတော်စပ်သူက ဖေ့ဘုတ်မှာ ရေးခဲ့ပါတယ်။ ဆိုင်ကယ်ရော လူငယ်ကိုပါ ကားပေါ်ဆွဲတင် လုယက်သူတွေဟာစစ်တပ်မွေးထားတဲ့ ပျူစောထီးတွေ နဲ့ စစ်အုပ်စုလက်အောက်ခံ ယူနီဖောင်းဝတ်လက်နက်ကိုင်အဖွဲ့တွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
လူငယ်ရဲ့ဖြစ်စဥ်ကို ရေးတဲ့ပို့စ်ရဲ့အောက်ကမှတ်ချက်တွေမှာလည်း အလားတူဖြစ်ရပ်တွေကြုံခဲ့ရသူတွေ၊ မိသားစုဝင်တွေကဝင်ရောက် မှတ်ချက်ပြုရေးသားထားတာကို တွေ့ရပါတယ်။
ဒါဟာ စစ်တပ်လက်အောက်ခံ မြို့ကြီးတွေမှာတင် မကပဲ နယ်ဘက်ကမြို့အသေးတွေ ၊ကျေးရွာတွေ အထိ လက်ရှိလူငယ် တွေ ရင်ဆိုင် နေရတဲ့ အကြီးမားဆုံး အန္တရာယ်တခုပါ။
အာဏာလုယူထားတဲ့ စစ်တပ်ဟာ ယူနီဖောင်းကိုတောင်မလဲဘဲ နိုင်ငံအတွင်း တရားဝင်ပြန် ပေးဆွဲမှုကို ကျူးလွန် နေခဲ့ပါတယ်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ နည်းပညာတက္ကသိုလ်( မန္တလေး)က အသက်၂၀ ဝန်းကျင်လူငယ်တဦးလည်း ပြန်ပေးဆွဲခံခဲ့ရပါတယ်။
နည်းပညာတက္ကသိုလ်မှာ ကျောင်းလာတက်တာကို ချစ်သူ ကောင်မ လေးက လာတွေ့လို့ ကျုံးအ ရှေ့ဘက်ခြမ်း က ဟိုတယ်တခုမှ နေထိုင်ခဲ့ပါတယ်။

ညဘက်ကောင်မ လေးကဗိုက်ဆာလို့ အနီးနားကမုန့်ဆိုင်ကို ဟိုတယ်ကလုံခြုံရေး ဝန်ထမ်းတဦးနဲ့ အတူ မုန့်ထွက်ဝယ်ခဲ့ရာမှာ နှစ်ဦးစလုံး ပျောက်သွားခဲ့တာပါ။
အဲဒီကောင်မ လေးက အမှတ်(၁)ရဲစခန်းမှာ လူပျောက်တိုင်ခဲ့ပြီး ၂ ရက်အကြာမှာ ကောင်မလေးရဲ့ ဖုန်းကို ဒီအမျိုးသားကို ပြန်ခေါ်ချင်ရင် ငွေကျပ်သိန်း ၁၅၀ နဲ့ ပြန်ရွေးဖို့ စာတွေပို့လာတယ်လို့ နီးစပ်သူတ ယောက်ကပြန် ပြောပြပါတယ်။
အဲဒီငွေကို Kpay နဲ့လွှဲပေးဖို့ပြောရာကောင်မ လေးက ဘဏ်ထဲမှာငွေမရှိကြောင်း၊လူလာခေါ်မယ် ပိုက်ဆံကို တခါထဲ ပေးမယ်ဆိုပြီး ချိန်းလိုက်တယ်လို့ဆိုပါတယ်။ပြန်ပေးဆွဲ ခေါ်သွားတဲ့လူ တွေချိန်းတဲ့ နေရာက မန္တလေးကလူအစည်ဆုံးနေရာ လမ်း ၃၀ နဲ့ လမ်း ၇၀ဘက်မှာပါ။
အရပ်ဝတ်ရဲ တွေနောက်ခံထားပြီး ကောင်မ လေးကသွားတဲ့အခါ အဲဒီနေရာမှာ အမျိုးသား ၄ ဦးကို ဖမ်းနိုင်ခဲ့ပါတယ်။ အဲဒီအမျိုးသား ၄ ဦးဟာ နှစ်ဦးက ပျူစောထီး တွေဖြစ်နေပါတယ်။ ကျန် နှစ်ဦးက လည်းမတ္တရာမြို့နယ်၊မန္တလေး- မတ္တရာလမ်းပေါ်က ထီးတော်မိုး စစ်သားစု ဆောင်း ရေးတပ်ကစစ်သားတွေ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
“အခုကပေါ် တာဆွဲ ၊ငွေညစ်လို့မရရင် အစားထိုး ဖို့ လူရောင်းစားတဲ့ အခြေအနေဖြစ်နေတာ။အဲတာကို စစ်သားစု ဆောင်း ရေးတပ်ကလူတွေနဲ့ ပျူစောထီးတွေပေါင်းလုပ်နေတာ”လို့ ဒီဖြစ်စဉ်တွေကို လိုက်ပြီး ကူညီပေး နေသူတဦးကပြောပါတယ်။သူကတဲ့စစ်ကောင်စီနဲ့နီးစပ်သူ လည်းဖြစ်က ပြောပါတယ်။

လူအစားထိုးဖို့ ရောင်းစားတယ်ဆိုတာက စစ်တပ်က တရပ်ကွက်ကို လူဘယ်နှ ယောက် ပေးရမယ်ဆိုတဲ့ သတ်မှတ်လူဦးရေ တောင်းပါတယ်။ ရပ်ကွက်ကြီး တွေမှာ အုပ်ချုပ်ရေး မှူးတွေက စစ်မှုထမ်းကြေး တစ်အိမ်ကို အနည်းဆုံးကျပ်သုံးသောင်းကျော်ကနေ ကျပ်ငါးသိန်းအထိ ကောက်ပါတယ်။ တချို့ဒေသတွေမှာတော့ အဲဒီထက်ပိုများပါတယ် ။
အဲဒီက ရတဲ့ ငွေနဲ့ ပျူစောထီးတွေ၊စစ်သားတွေ ပေါ်တာဆွဲလာတဲ့သူ တွေကို ပြန်ဝယ်ပြီး လူစားထိုး စစ်မှုထမ်းထဲထည့်တာပါ။ ဒီလို ဥပဒေမဲ့ ပေါ်တာဆွဲမှု တွေဟာလစဉ် ဖြစ်နေပြီး စစ်မှုထမ်း အပါတ်စဉ် မရောက် သေးဘဲ ပေါ်တာဆွဲခံရတဲ့ လူငယ် တွေကစလို့ အားလုံးဟာ စစ်တပ်လက် အောက်မှာ ဥပဒေရဲ့ အကာကွယ် ပေးမှု လုံးဝကို မရရှိခဲ့ကြပါဘူး။
ပထမဖြစ်စဉ်မှာပုသိမ်ကြီးမြို့နယ်၊ရန်ကင်းတောင် ခြေမှာ လူငယ်ရော၊ဆိုင်ကယ်ကိုပါ ကားပေါ်ဆွဲတင်သူတွေဟာ စစ်အုပ်စုနဲ့ ပျူစောထီးတွေဖြစ်ပါတယ်။ အဲဒီနယ်မြေကို စစ်တပ်လက်အောက်ခံမြို့မ ပြည်သူ့စစ်ဆိုတဲ့ပျူစောထီးအဖွဲ့ ကကိုင်ထားတာဖြစ်ပါတယ်။
အဲဒီပျူတွေက နယ်မြေ အတွင်း လောင်းကစားဝိုင်းတွေ အများကြီးဖွင့်ထားပြီး သူတို့ နေထိုင်တဲ့ ပုသိမ်ကြီးမြို့နယ်က ခြံထဲမှာတင် လောင်းကစားဝိုင်းအများအပြားဖွင့်လှစ်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။
လောင်းကစားဝိုင်းကိစ္စနဲ့ပေါက်ကိုယ်တော်တပည့်၊ပြည်ကြီးတံခွန်မြို့နယ်ကပျူခေါင်းဆောင်စံရှား(လက်ရှိစစ်တပ်ကပြန်ဖမ်းထားသူ) နဲ့ပြသနာတက်ပြီး မြို့မပြည်သူ့စစ်ခေါင်း အောင်ခန့်သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီ နောက်သူ့တပည့် မင်းသားကြီးဒူးရှည် (ဝေယံ)ဆိုသူက ပြန်လည်ဦးဆောင်ပြီး စစ်အုပ်စုနဲ့ပေါင်း ပေါ်တာဆွဲတာတွေဆက်တိုက်ဆွဲနေတယ်လို့ မြို့ခံ တွေကပြောပါတယ်။
ဒီလိုပေါ်တာဆွဲတာကိုပုသိမ်ကြီးကပျူတွေတင်မကဘဲ ပြည်ကြီးတံခွန်မြို့နယ်မှာဆိုလည်း မြရည်နန္ဒာအိမ်ယာ အရှေ့ဘက်က မြို့အဝင် ပျူစောထီစစ် ဆေး ရေးဂိတ်၊၅၆လမ်းနဲ့၁၂၀လမ်းတို့ တွေဟာ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်နဲ့ လူငယ် တွေကို ပေါ်တာဆွဲမှုမှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။
သင်္ကြန်အကြို နေ့ကလည်းမန္တလေးမြို့၊အောင်မြေသာစံမြို့နယ်က လူငယ်တဦး မန္တလေးတောင်ခြေ၊ဂေါက်ကွင်းလမ်းမှာဆိုင်ကယ်ရော၊လူပါ ကား ပေါ်ဆွဲတင်ခံရတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ သေးတယ်လို့ ဒေသခံအချို့ကပြောပါတယ်။

ဒီလိုပြန်ပေးဆွဲမှုတွေကို စစ်တပ်ကအရေးယူမှု မရှိခဲ့ဘဲ ဒီ နေ့အထိ လူငယ်တွေဟာ စစ်တပ်လက်အောက်ခံယူနီဖောင်းဝတ်အဖွဲ့မျိုးစုံရဲ့ ပြန်ပေးဆွဲမှု၊ ပုံစံအစုံနဲ့ပေါ်တာဆွဲတာတွေကို လူငယ်တွေခံနေကြရပါတယ်။
စစ်တပ်က နိုင်ငံတစ်ဝန်းဆုံးရှုံးထားတဲ့ဒေသတွေထဲက အချို့ကို တန်ပြန်ထိုးစစ်ဆင်ပြီး ပြန်ထိန်းချုပ်နိုင်လာချိန်မှာ စစ်ရေးပြန်ဦးမော့လာတာကိုအကြောင်းပြုပြီး သူတို့နိုင်နေပြီလို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရန်နဲ့ လူမှုကွန်ယက်တွေကရေးသားဖြန့်ဝေနေကြပါတယ် ။
ဒါပေမယ့် တဖက်မှာ စစ်နိုင်နေပြီးပြောပြီး စစ်တပ်ထိန်းချုပ်ဒေသတွေမှာာစစ်သားသစ်စုဆောင်းတာ ၊ပေါ်တာဆွဲတာတွေက ပိုဆိုးလာနေပါတယ်။ဒါကြောင့်စစ်တပ်ကနိုင်နေပြီပြောပြီး နိုင်ငံတစ်ဝန်း တိုက်ပွဲတွေမှာ သေဆုံးသူ၊ဒဏ်ရာရသူ ၊ထွက်ပြေးသူ ၊အညံ့ခံသူ ၊တော်လှန်ရေးအဖွဲ့တွေထံ အလင်းဝင်သူတွေများနေတာကြောင့် စစ်သားသစ်တွေကိုဆက်တိုက်ခေါ်နေရတာဖြစ်တယ်လို့တော်လှန်ရေးအဖွဲ့တွေကပြောပါတယ်။
စစ်တပ်ကတိုက်ပွဲတွေမှာ စစ်သင်တန်းဆင်းစစ်သားသစ်တွေကို မူးယစ်ဆေးကြွေးပြီးအသေခံစစ်တိုက်ခိုင်းတာ ၊ဖိအားပေးပြီးရှေ့ကနေ တက်ခိုင်းတာကြောင့် သေဆုံး၊ဒဏ်ရာရသူတွေမှာစစ်သားသစ်တွေအများဆုံးဖြစ်နေတယ်လို့ တော်လှန်ရေးအဖွဲ့တွေကပြောပါတယ် ။
ရှေ့ကတက်ပြီးမတိုက်ရဲလို့ နောက်ပြန်ဆုတ်ရင်လည်း စစ်သားတွေက နောက်ကနေ ပစ်သတ်မယ်ခြိမ်းခြောက်တာ ၊ပစ်သတ်တာ တွေပါရှိတယ်လို့ ရခိုင်နဲ့ မကွေးတိုင်းအစပ် အမ်း-ပဒါန်းလမ်းမပေါ်က နတ်ရကန်ဗျူဟာတိုက်ပွဲမှာ အာရက္ခတပ်တော်ထံ လက်နက်
ချ အလင်းဝင်တဲ့ စစ်သားသစ်တွေကပြောကြားထားကြပါတယ် ။ အခြားဒေသတွေမှာလည်းအလားတူဖြစ်စဥ်များစွာရှိနေတာပါ။
အာဏာသိမ်းစစ်အုပ်စုရှိနေသ၍ စစ်အာဏာရှင်တွေအတွက် အသေခံတိုက်ပေးရမယ့် စစ်သားသစ်တွေရဖို့ စစ်သားစုဆောင်းရေးနဲ့ပျူတွေရဲ့ လုပ်စားကွက် ပေါ်တာဆွဲလူပြန်ရောင်းတဲ့ ယူနီဖောင်းဝတ်ပြန် ပေးဆွဲမှုကြီးဆက်ရှိနေမှာပဲဖြစ်တယ်လို့ မန္တလေးဒေသခံတဦးကပြောပါတယ်။
ဒီလိုဖြစ်စဉ် တွေနဲ့ ပတ်သက်ပြီး မန္တလေးမြို့ခံ သက်လတ်ပိုင်း အမျိုးသားတဦးက “စစ်တပ်အုပ်ချုပ် နေသ၍ ဒီလိုဖြစ်စဉ်တွေကဖြစ် နေအုံးမှာပဲ။ဒီထက်ပိုဆိုးတာတွေ ဖြစ်လာဖို့ပဲရှိတယ်။ဒီတော့ ဒါကိုအဆုံးထိ တော်လှန်မလား။ဒီအတိုင်းဆက် နေမလားဆိုတာပဲ ဆုံးဖြတ်ကြဖို့ပဲလိုတယ်”လို့ မှတ်ချက်ပြုပါတယ်။ ။
(မန္တလေးမြို့မှ တွေ့ရတဲစစ်သားတွေ/ ပျူဘုန်းကြီးသင်္ကန်းဝတ်ပေါက်ကိုယ်တော်နဲ့ ပျူစောထီးတွေ/ ပြည်ကြီးတံခွန်မြို့နယ်က ပျူခေါင်းဆောင်စံရှား ။ဓါတ်ပုံ-CJ ၊စစ်ကောင်စီ)

Leave a Reply