ပြည်ပရောက် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်လာမည်ဆိုပါက သက်ဆိုင်ရာ မြန်မာသံရုံး ထောက်ခံစာ ယူဆောင်လာရမည်ဖြစ်ပြီး ညွှန်ကြားချက် မလိုက်နာလျှင် ပြည်ပထွက်ခွာခွင့်ပိတ်ကာ အမည်ပျက်စာရင်းသွင်းမည်ဟု အမိန့် ထုတ်
ပြည်ပရောက် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်လာမည်ဆိုပါက မေလ ၁ ရက်နေ့မှစတင် ၍ သက်ဆိုင်ရာ မြန်မာသံရုံး၏ ထောက်ခံစာ ယူဆောင်လာရမည်ဖြစ်ပြီး ညွှန်ကြားချက် မလိုက်နာလျှင် ပြည်ပထွက်ခွာခွင့်ပိတ်ကာ အမည်မည်းစာရင်းသွင်းမည်ဖြစ်ကြောင်း စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ယနေ့ ညွှန်ကြားချက် တစ်ရပ် ထုတ်ပြန်လိုက်သည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ယနေ့ (ဧပြီ ၂၈ ရက်) ထုတ်ပြန်ချက်အရ ပြည်ပနိုင်ငံအသီးသီးတွင် အလုပ်လုပ်ကိုင်နေပြီး ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ဝင်ရောက်မည့် အလုပ်သမားများသည် လာမည့် မေလ ၁ ရက်နေ့မှစတင်ကာ အသစ်သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များကို လိုက်နာရမည်ဖြစ်သည်ဟု ဆိုသည်။
ထိုအလုပ်သမားများသည် မြန်မာနိုင်ငံသို့ မလာရောက်မီ မိမိတို့အလုပ်ရှင်ထံမှ ရရှိထားသည့် ခွင့်စာ (Letter of Permission for Leave) ကို သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး သို့မဟုတ် ကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်ပြသ၍ ထောက်ခံစာ ယူဆောင်လာကြရမည်ဖြစ်သည်။
မြန်မာသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးများ ဖွင့်လှစ်ထားခြင်းမရှိသည့် နိုင်ငံများတွင် ရောက်ရှိနေသူများအနေဖြင့်လည်း မိမိတို့နှင့် အနီးဆုံးနိုင်ငံ သို့မဟုတ် အနီးဆုံးမြို့ရှိ မြန်မာသံရုံးများသို့ သွားရောက်ကာ ခွင့်စာပြသ၍ ထောက်ခံစာရယူရန် အသိပေးထားသည်။
ထို့အပြင် ခွင့်ဖြင့် ပြန်လာပြီးနောက် ပြည်ပသို့ ပြန်လည်ထွက်ခွာမည့် အလုပ်သမားများအနေဖြင့် မိမိတို့၏ Work Permit၊ ဗီဇာနှင့် ခွင့်စာပါ လုပ်ငန်းခွင်သည် ယခင်ကိုင်ဆောင်ထားသည့် OWIC ကတ်တွင် ပါရှိသည့် လုပ်ငန်းခွင်နှင့် မတူညီတော့ပါက မြန်မာ နိုင်ငံသို့ ရောက်ရှိချိန်တွင် OWIC ကတ်ကို အသစ်ပြန်လည် လျှောက်ထားရမည်ဖြစ်သည်ဟု သိရှိရသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အထူးသတိပေးထားသည်မှာ ပြည်ပသို့ ပြန်လည်ထွက်ခွာချိန်တွင် သက်ဆိုင်ရာမြန်မာသံရုံး၏ ထောက်ခံစာကို တင်ပြနိုင်ရမည်ဖြစ်ပြီး၊ အကယ်၍ ခွင့်စာကို လိမ်လည်တင်ပြလာကြောင်း စစ်ဆေးတွေ့ရှိပါက ကာလသတ်မှတ်ချက်တစ်ခုဖြင့် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းနှင့် အမည်မည်းစာရင်း (Blacklist) သွင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။
ယခုကဲ့သို့ တင်းကျပ်ရခြင်းမှာ အချို့သောအလုပ်သမားအသစ်များသည် ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စနစ်တကျစုဆောင်းခြင်း၊ သင်တန်းတက်ခြင်းနှင့် ဆေးစစ်ခြင်း လုပ်ငန်းစဉ်များကို ကျော်လွှားရန်အတွက် “ခွင့်ပြန်အလုပ်သမား” အယောင်ဆောင်ကာ ခွင့်စာအတုများဖြင့် တရားမဝင် ထွက်ခွာရန် ကြိုးစားနေခြင်းကြောင့် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ပြည်ပရောက် မြန်မာအလုပ်သမားတွေအပေါ် တဖြည်းဖြည်း ကျပ်သထက် ပိုကျပ်လာတာ။ အခုပြည်တွင်းမှာ ခွင့်ပြန်လာပြီး ပြန်ထွက်ခွင့်မရတာ တော်တော်များတယ်။ အခွန်မဆောင်ထားရင်၊ လစာငွေကို ပြည်တွင်းငွေလွှဲမထားရင် OWIC သက်တမ်းတိုးရော၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာရော ပေးမတိုးတော့ဘူး” ဟု ရန်ကုန်အခြေစိုက်ပြည်ပအလုပ်အကိုင်အေဂျင်စီမှ အကျိုးဆောင်တစ်ဦးက ရှင်းပြသည်။



Leave a Reply