ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် လူတော်ကြီးကျေးရွာမှာ အသက် ၁၂ နှစ်အရွယ် ၄ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ဧပြီ ၂၇ ရက်မှာ ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အသက် ၁၂ နှစ်အရွယ် မိန်းမငယ်လေးမှာ ဓမ္မတာမလာ၍ အဒေါ်ဖြစ်သူက မသင်္ကာဖြစ်ပြီး ဆီးစစ်ကြည့်ရာမှ ကိုယ်ဝန်ရှိနေ၍ မေးမြန်းရာ တစ်ရွာတည်းနေ အသက် ၄၀ အရွယ် လင်းနိုင်ဦးဆိုသူက အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့ကြောင်း သိရပြီး ရဲစခန်းမှာ ဧပြီလ ၂၆ ရက်က တိုင်ကြားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကလေးကို အကြိမ်ကြိမ် မုဒိမ်းကျင့်ပြီး သတ်မယ်လို့ ခြိမ်းခြောက်ထားတော့ ကလေးမလေးက မပြောရဲဘူး။ အမေဖြစ်သူက ဈေးလှည့်ရောင်းနေတာဆိုတော့ ကလေးကိစ္စကို မသိဘူး။ သိတဲ့အချိန်ရောက်တော့ ကလေးမှာ ကိုယ်ဝန်ရှိနေပြီ” လို့ ပြောပါတယ်။

အဓမ္မကျင့်ခံရတဲ့ ကလေးမလေးရဲ့ ဖခင်ဖြစ်သူမှာ လယ်ထဲမှာ မိုးကြိုးပစ်ခံရကာ သေဆုံးခဲ့ရသူဖြစ်ပြီး မိခင်ဖြစ်သူမှာလည်း ရပ်ရွာထဲတွင် ဈေးလှည့်လည်ရောင်းချနေရတာ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

နစ်နာသူတွေ ကျူးလွန်သူလို့ စွပ်စွဲခံရသူကို ရဲစခန်းကို တိုင်ကြားပြီးနောက် ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ လင်းနိုင်ဦးမှာ ထွက်ပြေးတာကြောင့် ဒေသခံတွေက ရဲတွေနဲ့ပူးပေါင်းကာ ဖမ်းဆီးပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ကာယကံရှင်တွေက တိုင်တော့ မနေ့က မုဒိမ်းကျင့်တဲ့ကောင်က ထွက်ပြေးတာ။ ရဲတွေနဲ့အတူ ရွာသားတွေပါ လိုက်ဖမ်းတာ လူတော်ကျေးရွာ တစ်ဖက်ကမ်းက လပွတ္တာအပိုင်မှာ မိသွားတယ်။ အခု ရဲစခန်းမှာ ချုပ်ထားတယ်၊ ရမန်ယူပြီး ရုံးထုတ်မှာပါ” လို့ ရှင်းပြပါတယ်။

ကျူးလွန်သူလို့ စွပ်စွဲခံရသူဟာ နစ်နာသူ ကလေးငယ်ရဲ့ ဦးလေးဝမ်းကွဲတော်စပ်သူဖြစ်ပြီး အိမ်ထောင်ရှင်တစ်ဦးလည်းဖြစ်ကာ အခု ၂၀၂၆ ဇန်နဝါရီလကတည်းက စတင်ကာ ကလေးငယ်ကို ခြိမ်းခြောက်ကာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ စစ်ဆေးချက်တွေအရ သိရပါတယ်။

လက်တလောမှာ ကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုလင်းနိုင်ဦး အသက် (၄၀)နှစ်ကို မြောင်းမြမြို့မရဲစခန်းမှ (ပ) အမှတ် ၁၃၃/၂၀၂၆၊ ပုဒ်မ ၃၇၆/၅၀၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းကလည်း မြောင်းမြမြို့နယ်၊ ဘုရားငုတ်တိုရှမ်းစုကျေးရွာ ငွေဟင်္သာတောရကျောင်းက ဦးဥတ္တမဆိုသူက အသက် ၁၄ နှစ်အရွယ် မိန်းမငယ်လေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့လို့ မြောင်းမြရဲစခန်းက ပုဒ်မ ၃၇၆ အပါအဝင် ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ခဲ့ပါတယ်။

အလားတူပင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကလည်း မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ မြဇေယျာ ၄ လမ်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းမငယ်လေးတစ်ဦးကို အသက် ၅၀ အရွယ် ဦးမြင့်ဝေဆိုသူက အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီး မြန်မာနိုင်ငံတစ်ဝန်း အဓမ္မပြုကျင့်မှုတွေ ပိုမိုများပြားလာခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၉၆၉ မှု၊ ၂၀၂၂ ခုနှစ်တွင် ၈၆၀ မှု၊ ၂၀၂၃ ခုနှစ်တွင် ၇၀၅ မှု၊ ၂၀၂၄ ခုနှစ်တွင် ၅၆၂ မှုနဲ့ ၂၀၂၅ ခုနှစ်တွင် ၇၄၃ မှု စုစုပေါင်း ၃,၅၆၆ မှုရှိပြီး အဓမ္မပြုကျင့်မှုတွေရဲ့ ထက်ဝက်ဟာ သက်ငယ်မုဒိမ်းမှုတွေဖြစ်တယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် (Union Supreme Court) ရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဓာတ်ပုံ – Mg Mg

ပုံစာ – အဓမ္မပြုကျင်ခဲ့သူလို့ စွပ်စွဲခံရသူကို မြင်ရပုံ


Leave a Reply

Your email address will not be published. Required fields are marked *