ညောင်တုန်းမြို့နယ်တွင် ၅ နှစ်အရွယ် မိန်းကလေးငယ်အား အိမ်နီးချင်း ကျောင်းသားမှ သက်ငယ်မုဒိမ်းကျူးလွန်
တရားခံမိသားစုမှ ငွေကြေးဖြင့် လာဘ်ထိုးဖိအားပေးမှုများရှိနေ
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကျုံတမာကျေးရွာအုပ်စု၊ အေးရွာကျေးရွာတွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးမှ အဓမ္မပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် အလက (ပဲရုံဆိပ်) မှ Grade 8 ကျောင်းသားဖြစ်သူ ပိုင်ဇင်အောင် (၁၅ နှစ်၊ ၃ လ၊ ၂၂ ရက်) သည် ဒီဇင်ဘာလဆုံး စစ်ဆေးခြင်းဖြေဆိုပြီး အိမ်သို့ပြန်လာစဉ် ဘေးချင်းကပ်ခြံဝန်းရှိ ၅ နှစ်အရွယ် မိန်းကလေးငယ်အား “သရဲခြောက်တမ်းကစားမည်” ဟုဆိုကာ လူမနေသော အိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် မိန်းကလေးငယ်၏ မျက်နှာအား ပုဆိုးဖြင့်အုပ်၍ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျူးလွန်ပြီးနောက် မိန်းကလေးငယ်၏ မိန်းမကိုယ်မှ သွေးများစွာထွက်လာသဖြင့် တရားခံက “ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသည်၊ ငုတ်စိုက်မိသည်” ဟု ပြောခိုင်းကာ အခင်းဖြစ်ပွားရာနေရာတွင် ထားပစ်ခဲ့သည်။ကလေးငယ်အား မအူပင်ဆေးရုံသို့ ပို့ဆောင်ကုသရာတွင် သွေး ၃ ပုလင်းခန့် သွင်းခဲ့ရပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။

ကျူးလွန်သူ ပိုင်ဇင်အောင်သည် ပြစ်မှုကျူးလွန်ပြီးနောက် ရန်ကုန်မှတစ်ဆင့် ပဲခူးသို့ တိမ်းရှောင်ရန် ကြိုးပမ်းခဲ့ရာ ပန်တိုင်ဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်။ ၎င်းနှင့်အတူ ထွက်ပြေးရန် ကူညီလမ်းညွှန်ပေးသူ ဦးလေးဖြစ်သူ ဦးတပေ (၄၅ နှစ်ဝန်းကျင်) ကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။
တရားခံ၏ မိသားစုဝင်များသည် ပြစ်မှုအား ဖုံးကွယ်ရန်အတွက် “သံချိတ်နှင့် ငြိမိခြင်း၊ ငုတ်ထိုးမိခြင်း” ဖြစ်သည်ဟု သတင်းလွှင့်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် နစ်နာသူမိသားစုထံသို့ ငွေကြေး သိန်းဂဏန်းမှသည် ရွှေနှင့် အိမ်ဆောက်ပေးမည်ဟုဆိုကာ အမှုကျေအေးရန် အကြိမ်ကြိမ် ဖိအားပေးလျက်ရှိသည်။
ထို့အပြင် တရားခံမိသားစုသည် ဒေသတွင်း ငါးဖမ်းလုပ်ငန်းနှင့် ပတ်သက်၍ စီးပွားရေးအရ သြဇာရှိသူများဖြစ်ရာ နစ်နာသူမိသားစုအပေါ် ရန်စောင့်ခြင်းများ ပြုလုပ်နေသောကြောင့် နစ်နာသူ၏ မောင်နှမများဖြစ်သော ၅ တန်းနှင့် ၃ တန်းကျောင်းသားလေးများမှာ ကျောင်းမတက်ရဲတော့ဘဲ ရွာမှ ရှောင်တိမ်းနေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။
အမှုကာလသည် (၄)လကြာမြင့်လာသော်လည်း ပြစ်မှူပြင်းထန်သော်လည်း ကျူးလွန်သူအား လူငယ်ပျိုးထောင်ရေး သင်တန်းကျောင်း (ဥပမာ ငှက်အော်စမ်း) အားမပို့ပဲ ချောင်းကြီးရဲစခန်းမှ ရဲအုပ်ဇင်မင်းထိုက်မှ ငွေကြေးယူကာ စခန်းတွင် ထိန်းသိမ်းထားသည်ဟု အကြောင်းပြထားရှိပြီး တရားခံမှာ အသက်မပြည့်သေးသည့်အတွက် ထောင်ဒဏ်ကျခံရမည်မဟုတ်ကြောင်း အရပ်စကားများ ထွက်ပေါ်နေသဖြင့် နစ်နာသူမိသားစုဝင်များနှင့် ဒေသခံများအကြား တရားဥပဒေစိုးမိုးမှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

”ကလေးရဲ့ ဘဝတစ်ခုလုံး ပျက်စီးသွားရတာပါ။ အသက်မပြည့်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဥပဒေအထက်မှာ ရှိနေသလိုမျိုး လာဘ်ထိုးတာတွေ၊ ခြိမ်းခြောက်တာတွေ မရှိစေချင်ဘူး” ဟု နစ်နာသူနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

Leave a Reply