ရေးမြို့နယ် စကခ ၁၉ လက်နက်ခဲယမ်းတိုက်ကို PDF နှင့် တပ်တွင်းဖရဲသီးများ ပူးပေါင်း၍ ဖောက်ခွဲ တိုက်ခိုက်မှု လက်နက်မျိုးစုံ ၂၀၀ ခန့်ပျက်စီးပြီး စစ်သား ၄ ဦးသေဆုံး
မွန်ပြည်နယ်၊ ရေးမြို့နယ် စကခ ၁၉ လက်နက်ခဲယမ်းတိုက်ကို PDF နှင့် တပ်တွင်းဖရဲသီးများ ပူးပေါင်း၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ လက်နက်မျိုးစုံ ၂၀၀ ခန့်ပျက်စီးကာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ဧပြီလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၉ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် လက်နက်ခဲယမ်းတိုက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ ကွပ်ကဲမှုအောက်ရှိ အမှတ် (၈၀၀၁) တပ်ရင်း၊ ရေးပြောက်ကျားတပ်ဖွဲ့မှ မြို့တွင်း( UG )လှုပ်ရှားတပ်ဖွဲ့နှင့် စစ်တပ်အတွင်းရှိ တော်လှန်ဖရဲသီးတို့ပူးပေါင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုဖောက်ခွဲ တိုက်ခိုက်မှုအတွင်း စကခ ၁၉ လက်နက်တိုက်အတွင်းရှိ Drone ဗုံးများနှင့် လက်နက်ကြီးကျည်များကို ဖောက်ခွဲခဲ့ခြင်းကြောင့် ပေါက်ကွဲမှုမှ တဆင့် ရိက္ခာစတိုး၊ သက်သာဆိုင်၊ ဗဟိုကင်းအတွင်းရှိ လက်နက်ခဲယမ်းတိုက်များ မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုမီးလောင်မှုအတွင်း ဗဟိုကင်းအတွင်းရှိ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ စုစုပေါင်း ၂၀၀ ခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးကာ ၆ ဦးခန့် စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ကျန် ၆ ဦးသည် မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း၊ စကခ ၁၉ တပ်မဌာနချုပ် အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် အချိန် နှင့် ငွေကြေးမြောက်များစွာအသုံးပြုခဲ့ပြီး ရန်သူ့လှုပ်ရှားမှုသတင်းအချက်အလက်များကို စနစ်တကျစုဆောင်းကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရက် ၁၀၀ အတွင်း PDF တွေအလင်းဝင်ပါလို့ အမှောင်ထဲကိုဆွဲခေါ်နေတဲ့ အကြမ်းဖက် သမ္မတရူးကိုပြောချင်တယ်။ ရက် ၁၀၀ လောက်ထဲ မဟုတ်ဘူး။ နောက်ရက် ၁၀၀ ကျော်ရင်လည်း ပြည်သူလက်ထဲအာဏာပြန်မရောက်သရွေ့ ဆက်ပြီး တိုက်ခိုက်နေမှာပဲလို့ ပြောချင်ပါတယ်”ဟု နည်းဗျူဟာ ၃၃ စစ်ဆင်ရေးမှုး ရဲဘော်စောဒါးကိုက ပြောဆိုသည်။

ထိုသို့ ပေါက်ကွဲမှု ဖြစ်စဥ်ဖြစ်ပွားပြီးနောက် ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အရှေ့တောင်တိုင်းစစ်ဌာချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင် ၊ (စတသ – ၃၇) ဦးစီးသောအဖွဲ့သည် ခလရ ၆၁ တပ်ရင်းအတွင်းရှိ ဂေါက်ကွင်းသို့ ရဟတ်ယာဥ်ဖြင့်လာရောက်ခဲ့ပြီး စကခ ၁၉ အတွင်းပေါက်ကွဲမှုဖြစ်စဥ်နှင့်ပတ်သက်၍စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ခလရ ၆၁ တပ်ရင်းမှ ဗိုလ်မှူးဟိန်းစံကို မြန်မာ့စီးပွားရေးဘဏ်မှ ငွေကြေးစုစုပေါင်း ၄.၉ ဘီလီယံကျော်ကို ခလရ ၆၁ တပ်ရင်းသို့ လာရောက်အပ်နှံထားစဥ် သိန်း ၄၀၀ ခိုးယူမှု နှင့် ပတ်သက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဧပြီလ ၂၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ပေါက်ကွဲမှုကြောင့်ကျန်ရှိ ပျက်စီးနေသော လက်နက်ခဲယမ်းများကို ခလရ ၆၁ တပ်ရင်းရှိ စစ်ပစ်ကွင်း၌ ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်းသိရသည်။

ပြည်သူလူထုများအနေဖြင့် အကြမ်းဖက်စစ်ကော်မရှင်များနှင့် ပူးပေါင်းပါဝင်မှုမပြုလုပ်ကြရန်၊ အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းပါဝင်မှုအားစစ်ဆေးတွေ့ရှိပါက ထိုက်သင့်သောအရေးယူခြင်းခံရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းစစ်ဌာန ပြန်ကြားရေးက အသိပေးပြောဆိုထားသည်။

Leave a Reply