AA က ထပ်မံလိုက်လံတိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေ
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲမှာ အကြမ်းဖက် မြန်မာစစ်တပ်က အထိနာ အကျအဆုံးများပြီး စစ်ကြောင်းပြိုကာ နောက်ဆုတ်သွားပြီးနောက် အဲဒီစစ်ကြောင်းကို အာရက္ခတပ်တော် (AA)နဲ့ ပူးပေါင်းတပ်ဖွဲ့က လိုက်လံ ရှင်းလင်းတိုက်ခိုက်ရာကနေ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ” မနေ့က ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းက အင်အားအလုံးအရင်းနဲ့ ဒရုန်းပစ်ကူတွေသုံးပြီး ပဇီရွာကို စစ်ကြောင်း ထိုးတာ။ နှစ်ဖက်တိုက်ပွဲပြင်းလို့ စစ်ကောင်စီဖက်ကအထိနာသွားတယ်။ နောက်ပိုင်း စစ်ကြောင်း ပြိုသွားတယ်။ မနေ့ကညအချိန်လောက်မှာ သူတို့နောက်ဆုတ်ထွက်ပြေးကြတယ်။ အဲဒါ အေအေက လိုက်ရှင်းတော့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေပါတယ်” လို့ ပြောပါတယ်။
ခုလို နောက်ဆုတ်ထွက်ပြေးသွားတဲ့ စစ်တပ် စစ်ကြောင်းကို အာရက္ခတပ်တော် (AA)နဲ့ ပူးပေါင်းတပ်ဖွဲ့က တန်ပြန် ထိုးစစ်ဆင် လိုက်လံတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေပြီး မြန်မာစစ်တပ်က ကလည်း ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေတဲ့အပြင် လေကြောင်းကပါ အကြိမ်ကြိမ် ပစ်ကူ တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
” AA က အခြေအနေကောင်းပါတယ်။ သူတို့စစ်ကြောင်းအရင် ထိုးတိုက်ခိုက်တာ။ အစပိုင်းမှာ သူတပြန် ကိုယ်တပြန်ဖြစ်နေတာ။ နောက်ပိုင်း စစ်တပ်က မယှဉ်နိုင်တော့ အထိနာလို့ နောက်ဆုတ်သွားတာကို AA ဖက်ကလည်း ပဇီရွာရှေ့ကိုထိ ထွက်တိုက်နေတာ။ ဒီနေ့အထိ တိုက်ပွဲပြင်းတုန်း။ ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတယ်။”
အာရက္ခတပ်တော်(AA)က တန်ပြန် စစ်ကြောင်းထိုးကာ လိုက်လံချေမှုန်းတိုက်ခိုက်နေတဲ့အတွက် ဒီကနေ မေလ ၁ ရက်နေ့ထိ တိုက်ပွဲ ပြင်းနေတယ်လို့ အဲဒီစစ်ရေးသတင်းရင်းမြစ်က နိရဉ္စရာကို ပြောပါတယ်။


Leave a Reply