အမေရိကန်နှင့် အီရန်အကြား အပစ်အခတ်ရပ်စဲရေးမှာ ထိလွယ်ရှလွယ်ဖြစ်နေချိန်တွင် အမေရိကန်က အီရန်ပဋိပက္ခတွင် အဆင့်မြင့်ဆုံးလက်နက်စနစ်တခုဖြစ်သည့် “Dark Eagle” ဟု လူသိများသော အသံ ထက်မြန်သောဒုံးကျည်စနစ်ကို ဖြန့်ကြက်ရန် စီစဉ်နေသဖြင့်၊ ယင်းမှာ တင်းမာမှုကို အဆင့်သစ်တခုသို့ ရောက်ရှိသွားနိုင်သည့် အခြေအနေဖြစ်ကြောင်း သတင်းများက ဆိုသည်။

တရားဝင်အားဖြင့် “တာဝေးပစ် အသံထက်မြန်သောလက်နက်” ဟု ခေါ်ဆိုသည့် ယင်းလက်နက်စနစ်မှာ အပြည့်အဝအသုံးပြုနိုင်သည့်အဆင့်သို့ ရောက်ရှိပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေး သော်လည်း ခွင့်ပြုချက်ရရှိပါက ယင်းသည် အမေရိကန်က တိုက်ရိုက်ပဋိပက္ခတခုအတွင်း အသံထက် မြန်သောလက်နက်ကို ပထမဆုံးအကြိမ် ဖြန့်ကြက်အသုံးပြုခြင်း ဖြစ်လာမည်ဖြစ်သည်။

Dark Eagle ဆိုသည်မှာ မည်သည့်အရာနည်း

“Dark Eagle” သည် အခိုင်အမာကာကွယ်ထားသည့် ပစ်မှတ်များနှင့် အချိန်နှင့်တပြေးညီ တိုက်ခိုက်ရန် လိုအပ်သော ပစ်မှတ်များကို တာဝေးမှ တိကျစွာပစ်ခတ်နိုင်ရန် ဒီဇိုင်းထုတ်ထားသည့် မြေပြင်အခြေစိုက် အသံထက်မြန်သောဒုံးကျည် ဖြစ်သည်။

အစဉ်အလာ ပဲ့ထိန်းဒုံးကျည်များနှင့်မတူဘဲ ယင်းဒုံးကျည်သည် အသံထက်မြန်သော လျောစီးယာဉ်ကို အသုံးပြုထားကာ အသံထက် ငါးဆကျော် ပိုမြန်ပြီး၊ ပျံသန်းနေစဉ်အတွင်း လမ်းကြောင်းပြောင်းလဲနိုင် သည်။

ထိုသို့ အလွန်မြန်သော အရှိန်နှင့် ခန့်မှန်းရခက်သော လမ်းကြောင်းပြောင်းလဲနိုင်စွမ်းတို့ကြောင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များက ခြေရာခံရန် (သို့မဟုတ်) ကြားဖြတ်ဟန့်တားရန် အလွန်ခက်ခဲ စေသည်။

Dark Eagle အကြောင်း သိကောင်းစရာ

Dark Eagle ဆိုသည်မှာ မည်သည့်အရာနည်း

ယင်းသည် အခိုင်အမာကာကွယ်ထားသော ပစ်မှတ်များကို တာဝေးမှ တိကျစွာပစ်ခတ်နိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အမေရိကန်ကြည်းတပ်သုံး မြေပြင်အခြေစိုက် အသံထက်မြန်သော ဒုံးကျည် ဖြစ်သည်။

မည်မျှ မြန်သနည်း

ယင်းသည် အသံထက် ငါးဆကျော် ပိုမြန်သဖြင့် ရန်သူ့က ခြေရာခံရန်နှင့် ကြားဖြတ်ဟန့်တားရန် အလွန်ခက်ခဲသည်။

မည်သည့် အကာအဝေးအထိ ပစ်ခတ်နိုင်သနည်း

မိုင်ပေါင်း ၁,၇၀၀ (ကီလိုမီတာ ၂,၇၀၀ ခန့်) အထိ ပစ်ခတ်နိုင်သဖြင့် ရန်သူ့နယ်မြေအတွင်းပိုင်း အထိ နက်ရှိုင်းစွာ တိုက်ခိုက်နိုင်သည် ။

မည်သည့်အရာများကို ပစ်မှတ်ထားနိုင်သနည်း

လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ကွပ်ကဲမှုဗဟိုဌာနများ၊ ဒုံးကျည်ပစ်စင်များနှင့် အခြား တန်ဖိုးကြီး အရေးပါသော ပစ်မှတ်များကို တိုက်ခိုက်နိုင်သည်။

အမေရိကန်က အဘယ်ကြောင့် ဖြန့်ကြက်ရန် စဉ်းစားနေသနည်း

အီရန်က ယင်း၏ အဓိကစစ်လက်နက်ပစ္စည်းများကို လက်ရှိအမေရိကန်တပ်ဖွဲ့များ လက်လှမ်း မမီနိုင်သော နေရာများသို့ ရွှေ့ပြောင်းထားခြင်းကြောင့် ပိုမိုဝေးကွာသော ပစ်မှတ်များကို တိုက်ခိုက်နိုင်မည့် လက်နက်ကို အသုံးပြုရန် စဉ်းစားလာခြင်းဖြစ်သည်။

လက်ရှိတွင် အသုံးပြုနေပြီလား

အပြည့်အဝ အသုံးမပြုနိုင်သေးပါ။ “Dark Eagle” မှာ အပြည့်အဝ အသုံးပြုနိုင်သည့်အဆင့်သို့ ရောက်ရှိကြောင်း တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးဘဲ၊ ယခုဖြန့်ကြက်မှုမှာ ပထမဆုံး စစ်မြေပြင်အသုံးပြုမှု ဖြစ်လာနိုင်သည်။

ကုန်ကျစရိတ် မည်မျှရှိသနည်း?

ဒုံးကျည်တစင်းလျှင် အမေရိကန်ဒေါ်လာ ၁၅ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းရပြီး လက်ရှိတွင် အရေအတွက် အကန့်အသတ်ဖြင့်သာ ရှိသည်။

စစ်ပွဲရလဒ်ကို ပြောင်းလဲနိုင်သလား

ယင်းသည် တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည် ဖြစ်သော်လည်း အရေအတွက် အကန့်အ သတ်ရှိနေခြင်းနှင့် စစ်မြေပြင်တွင် စမ်းသပ်ရခြင်းမရှိသေးခြင်းတို့ကြောင့် ယင်းလက်နက်တခု တည်းဖြင့် စစ်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်လိမ့်မည်မဟုတ်ဟု လေ့လာဆန်းစစ်သူများက ဆိုကြသည်။

ယင်းဒုံးကျည်သည် မိုင်ပေါင်း ၁,၇၀၀ (ကီလိုမီတာ ၂,၇၀၀ ခန့်) အကွာအဝေးအထိ ပစ်ခတ်နိုင်သည်ဟု ယူဆရပြီး၊ ယင်းထက်ပင် ပိုမိုပစ်ခတ်နိုင်သည်ဟု အချို့က ဆိုကြသည်။

ယင်းကို ရန်သူ့နယ်မြေအတွင်းပိုင်းရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ကွပ်ကဲမှုဗဟိုဌာနများနှင့် ဒုံးကျည်ပစ်စင်များကဲ့သို့သော အရေးပါသည့်ပစ်မှတ်များကို တိုက်ခိုက်ရန် ဒီဇိုင်းထုတ်ထားသည်။

ဒုံးကျည်တစင်းလျှင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၅ သန်းခန့် ကုန်ကျပြီး လက်ရှိတွင် အရေအတွက် အကန့်အသတ်ဖြင့်သာ ရှိနေခြင်းက ယင်းလက်နက်သည် အကျိုးသက်ရောက်မှုကြီးမားသည့် ပစ်မှတ် များကို ရွေးချယ်တိုက်ခိုက်ရာတွင်သာ အသုံးပြုမည့် အမျိုးအစားဖြစ်ကြောင်း ပေါ်လွင်စေသည်။

အမေရိကန်က မည်သည့်အတွက် ဖြန့်ကြက်ရန် စဉ်းစားနေသနည်း။

အမေရိကန်အရာရှိများကို ကိုးကား၍ ထွက်ပေါ်လာသော သတင်းများအရ အီရန်က အဓိကစစ် လက် နက်ပစ္စည်းများကို လက်ရှိအမေရိကန်၏ တိကျပစ်ခတ်မှုစနစ်များ လက်လှမ်းမမီနိုင်သော နေရာများသို့ ရွှေ့ပြောင်းထားကြောင်း သိရပြီးနောက်၊ အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) က Dark Eagle ကို ဖြန့်ကြက်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန်က အီရန်စစ်ပွဲတွင် ကျင့်သုံးနေသော လက်ရှိမဟာဗျူဟာကို ချိန်ညှိနေစဉ်အတွင်း ယခုကဲ့သို့ အပြောင်း အလဲများပေါ်ပေါက်လာခြင်း ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ စီးပွားရေးကို အကျပ်ကိုင်ရန်အတွက် ရေတပ်ဖြင့် ပိတ်ဆို့မှုကိုသာ အဓိကထား လုပ်ဆောင်နေပြီး ယင်းမှာ “ဗုံးကြဲခြင်းထက် ပိုမိုထိရောက်သည်” ဟု ဆိုထားသည်။

တချိန်တည်းမှာပင် ပင်တဂွန်စစ်ဌာနချုပ်က သံတမန်ရေးရာနည်းလမ်းများ မအောင်မြင်ခဲ့ပါက အသုံးပြု နိုင်မည့် စစ်ရေးရွေးချယ်စရာများကို ဆက်လက်ပြင်ဆင်နေသည်။

Dark Eagle ကို ဖြန့်ကြက်ခြင်းဖြင့် အမေရိကန်သည် လေကြောင်းမှ အကြီးအကျယ် တိုက်ခိုက်မှုများကို ချက်ချင်းလုပ်ဆောင်ရန် မလိုဘဲ၊ လက်ရှိတွင် လက်လှမ်းမီရန် ခက်ခဲသော ရန်သူ့နယ်မြေအတွင်းပိုင်းရှိ အခိုင်အမာကာကွယ်ထားသည့် ပစ်မှတ်များကို ထိုးဖောက်တိုက်ခိုက်နိုင်စွမ်း ပိုမိုမြင့်မားလာမည် ဖြစ်သည်။

စစ်ပွဲအလှည့်အပြောင်းဖြစ်စေမည့် လက်နက်ဖြစ်သလား

အသံထက်မြန်သောလက်နက်များကို စစ်ပွဲအလှည့်အပြောင်းဖြစ်စေမည့် လက်နက်များအဖြစ် ဖော်ပြ လေ့ရှိသော်လည်း၊ အနည်းဆုံးအားဖြင့် လက်ရှိအချိန်တွင် ယင်းတို့၏ အကျိုးသက်ရောက်မှုကို လွန်ကဲစွာ မခန့်မှန်းရန် လေ့လာဆန်းစစ်သူများက သတိပေးထားသည်။

အမေရိကန်၏ အသံထက်မြန်သောလက်နက် အစီအစဉ်မှာ ဖွံ့ဖြိုးဆဲအဆင့်မှာပင် ရှိနေသေးပြီး “Dark Eagle” ကိုလည်း စစ်မြေပြင်တွင် အသုံးပြုဖူးခြင်း မရှိသေးပေ။ ထို့ပြင် လက်နက်အရေအတွက် အကန့် အသတ်ဖြင့်သာ ရှိနေခြင်းကြောင့် ၎င်းကို စစ်ပွဲ၏ အဓိကလက်နက်အဖြစ် သုံးမည့်အစား အရေးပါသော နေရာများတွင်သာ ရွေးချယ်အသုံးပြုဖွယ် ရှိသည်။

ပို၍အရေးကြီးသည်မှာ မည်မျှပင်အဆင့်မြင့်သော စစ်ရေးဖိအားဖြစ်စေကာမူ အီရန်တွင် နိုင်ငံရေး ရည်မှန်းချက်များကို အောင်မြင်အောင် ဖော်ဆောင်နိုင်ခြင်း ရှိ၊ မရှိ ဆိုသည့် မဟာဗျူဟာမြောက် မေးခွန်းမှာ အဖြေမထွက်သေးခြင်းဖြစ်သည်။

ယခင်က အမေရိကန်၏ တိုက်ခိုက်မှုများသည် ကြီးမားသော ထိခိုက်ပျက်စီးမှုများ ဖြစ်စေခဲ့သော်လည်း အဆုံးအဖြတ်ပေးနိုင်သည့် ရလဒ်မျိုး မရရှိခဲ့သဖြင့် နည်းပညာတခုတည်းဖြင့် စစ်ရေးအသာစီးရမှုကို ပြောင်းလဲနိုင်လိမ့်မည်မဟုတ်ကြောင်း သုံးသပ်ရသည်။

ယင်းက မည်သည့်အချက်ကို အရိပ်အယောင်ပြနေသနည်း။

အမှန်တကယ် ဖြန့်ကြက်ခြင်းမပြုရသေးသော်လည်း “Dark Eagle” ကို အသုံးပြုရန် စဉ်းစားခြင်းသည် ပင် ရှင်းလင်းသော သတိပေးချက်တခု ပေးပို့လိုက်ခြင်းဖြစ်သည်။

ယင်းက ဝါရှင်တန်၏ အဓိကမဟာဗျူဟာမှာ စီးပွားရေးပိတ်ဆို့မှုမှတဆင့် ဖိအားပေးရန်ဖြစ်သော်လည်း အဆင့်မြင့်တိုက်ခိုက်မှုဆိုင်ရာ ရွေးချယ်စရာများကိုလည်း အဆင်သင့်ပြင်ထားကြောင်းကိုလည်း ဖော်ပြနေသည်။

တချိန်တည်းမှာပင် အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ်သည် အီရန်၏ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် “တိုတောင်းသော်လည်း ပြင်းထန်သော” တိုက်ခိုက်မှုများအတွက် အစီအစဉ်များ ပြင်ဆင်ထားကြောင်း သတင်းများက ဆိုနေကြပြီး၊ ယင်းမှာ လက်ရှိအပစ်အခတ်ရပ်စဲရေးမှာ မည်မျှအထိ ထိလွယ်ရှလွယ်ဖြစ်နေသည်ကို မီးမောင်းထိုးပြနေသည်။

ပဋိပက္ခ အရှိန်မြင့်လာနိုင်ခြေရှိသည့် အန္တရာယ်များ

ယခုပဋိပက္ခအတွင်း အသံထက်မြန်သောလက်နက်များ ပါဝင်လာခြင်းသည် တင်းမာမှုများကို သိသိ သာသာ မြင့်တက်စေမည်ဖြစ်ပြီး အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများနှင့်အတူ ဒေသတွင်းစစ်ပွဲကြီး တခုအဖြစ်သို့ ကူးစက်သွားနိုင်သည့် အန္တရာယ်လည်း တိုးပွားစေပါသည်။

အီရန်က စစ်ရေးစွမ်းဆောင်ရည်သစ်များကို ပြင်ဆင်နေကြောင်း အရိပ်အယောင်ပြထားရာ စီးပွားရေး ဖိအားပေးမှု၊ စစ်ရေးအင်အားပြမှုနှင့် လမ်းစပျောက်နေသော သံတမန်ရေးရာများ ရောယှက်နေသည့် ယင်းပဋိပက္ခမှာ ပိုမိုစိုးရိမ်စရာ ဖြစ်လာခဲ့သည်။

ဆုံးဖြတ်ချက်မဟုတ်သေးသော သတိပေးချက်

လက်ရှိအချိန်တွင် “Dark Eagle” ကို ဖြန့်ကြက်ရန်မှာ စဉ်းစားဆဲအဆင့်မှာပင် ရှိနေပါသေးသည်။ သို့သော် ယင်းက အီရန်စစ်ပွဲ၏ အဓိကအရှိတရားတခုကို မီးမောင်းထိုးပြနေသည်။

ယင်းမှာ တိုက်ပွဲများခေတ္တရပ်နားထားသော်လည်း စစ်ရေးအရ အရှိန်မြှင့်တင်နိုင်ခြေမှာ အမြဲတစေ ရှိနေ သည်ဟူသောအချက်ပင် ဖြစ်သည်။

ယင်းပဋိပက္ခသည် ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ဦးတည်မလား (သို့မဟုတ်) တိုက်ပွဲများဆီသို့ ပြန်လည် ရောက်ရှိသွားမလား ဆိုသည်မှာ စီးပွားရေးဖိအားပေးမှုအပေါ်တွင်သာမက နှစ်ဖက်စလုံးက လက်ရှိချပြ ထားသော စစ်ရေးရွေးချယ်စရာများအပေါ် မည်သို့တုံ့ပြန်ကြမည်ဆိုသည့်အချက်အပေါ်တွင်လည်း အဓိက မူတည်နေပါသည်။


Leave a Reply

Your email address will not be published. Required fields are marked *