ပြင်ဦးလွင်၊ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းအချင်းချင်း ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံး
အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက် မျိုးဆက်သစ်များ မွေးထုတ်ရာ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းများ အချင်းချင်း ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံးသွားကြောင်း ဗိုလ်လောင်း သိန်းဟန်၏ မိတ်ဆွေများက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။
သိန်းဟန်သည် ဧရာ၀တီတိုင်း၊ ဖျာပုံမြို့မှ ဖြစ်ပြီး စစ်တက္ကသိုလ်တွင် တက်ရောက်နေသူဖြစ်ကြောင်း
ဧပြီလနှောင်းပိုင်းတွင် ဗိုလ်လောင်းများ၏ ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံးခဲ့ကြောင်း
သေဆုံးသူ ဗိုလ်လောင်း သိန်းဟန် အစာအိမ်ကြောင့် ဝမ်းဗိုက်ခွဲစိတ်ထားသူဖြစ်ကြောင်း သိရှိရသည်။
“DSA မှာ တက်နေတာ။ စီနီယာတွေက အုပ်ချုပ်တယ်ဆိုပြီး ကြီးနိုင်ငယ်ညှင်း ဝိုင်းထိုးကြိတ်လိုက်တာမှာ သေဆုံးသွားပုံရတယ်” ဟု သိန်းဟန်၏ မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်၏ စစ်တက္ကသိုလ်တွင် စီနီယာဗိုလ်လောင်းများက ဂျူနီယာ ဗိုလ်လောင်းများကို ထိုးကြိတ် အုပ်ချုပ်လေ့ရှိပြီး ယင်းစနစ်ကြောင့် မကြာခဏဆိုသလို သေဆုံးခဲ့သော ဗိုလ်လောင်းများရှိနေကြောင်း သိရှိရသည်။
“ဒီလိုကြီးနိုင်ငယ်ညှဉ်း နိုင်ထက်စီးနင်းအယုတ်တမာစိတ်တွေကို သင်တန်းစတက်ကတည်းက လက်ဆင့်ကမ်းသွင်းပေးပြီးအဆင့် ဆင့် အနိုင်ကျင့်ကြတာ
သူငယ်ချင်းတူလေးတစ်ယောက်လည်း ပထမနှစ်တက်တာ ၅ လလောက်ပဲရှိသေးတယ်/ ဝိုင်းပြီးထိုး ကြိတ်နှိပ်စက်ရိုက်သတ်လိုက်ကြတာ
မိဘတွေတော့ရူးမတတ်ပဲ တူသောအကျိုးတော့သူတို့အလှည့်တနေ့ရောက်မှာပါ” ဟု လင်းလင်းထက်အကောင့်ပိုင်ရှင်က ရေးသားထားသည်။
ပြင်ဦးလွင် စစ်တက္ကသိုလ်ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်အသိုင်းအ၀ိုင်းသို့မေးမြန်းရာ ယင်းကဲ့သို့ စီနီယာများ၏ အုပ်ချုပ်မှု လွန်ကဲမှုကြောင့် သေဆုံးသွားရသော ဗိုလ်လောင်းတချို့ရှိကြောင်း၊
ယင်းကဲသို့သော ဖြစ်စဉ်ဖြစ်ပွားပါက ထိုးကြိတ်သူ စီနီယာဗိုလ်လောင်းများကို စုံခုံဖွဲ့၍ စစ်ဆေးပြီး ကျိုးကြောင်း ဆီလျှော်လျှင် အရေးယူမှုမရှိကြောင်း၊
ထိုသို့မဟုတ်ဘဲ အနိုင်ကျင့်ညှဉ်းပန်းခြင်းဖြစ်စဉ်ပေါ်ပေါက်လျှင် ထိုးကြိတ်သော စီနီယာများကိုပါ အရေးယူလေ့ရှိကြောင်း ဖြေကြားကြသည်။


Leave a Reply