အာဏာသိမ်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ကလေး ၆ဦး အပါအဝင် လူငယ်တစ်ဦးကို ယမန်နေ့ မေ ၂ ရက်နေ့တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခေါပွီးချစ်ပ် (Khawpuichhip) ကျေးရွာမှာ မေ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂လုံးဖြင့် တိုက်ခိုက်မှုကြောင့် ကလေး ၆ဦးနှင့် လူငယ်တစ်ဦး သေဆုံးခဲ့သည်။

သေဆုံးသည့် အထဲတွင် ၅လသားအရွယ် ကလေး ၁ ဦး၊ သုံးနှစ်အရွယ် ကလေး ၁ ဦး၊ လေးနှစ်အရွယ် ကလေး ၁ ဦး၊ ၅နှစ်အရွယ်ကလေး ၂ ဦး၊ ၁၀အရွယ် ကလေး ၁ ဦးနှင့် အသက် နှစ်ဆယ့်ကိုးနှစ်အရွယ် လူငယ် ၁ ဦးတို့ သေဆုံးခဲ့သည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အချို့မှာလည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများက Western News ကို ပြောသည်။

ခေါပွီးချစ်ပ် (Khawpuichhip) ကျေးရွာသည် အိမ်ခြေ ၃၀ရှိသည့် မြန်မာနယ်စပ် အနီးမှာတည်ရှိသော ကျေးရွာ ဖြစ်ပြီးဖလမ်း – ရိခေါဒါရ်လမ်းမကြီးပေါ်မှာ တည်ရှိသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။


Leave a Reply

Your email address will not be published. Required fields are marked *