ဗြိတိန်တွင် အမြွှာညီအစ်မနှစ်ဦးမှာ ၎င်းတို့၏ ဖခင်များက တဦးစီ ဖြစ်နေကြောင်းကို ဆယ်စုနှစ်များစွာ ကြာပြီးနောက် DNA စစ်ဆေးကြည့်သည့်အခါမှ သိရှိခဲ့ကြသည်။
လက်ရှိတွင် အသက် ၄၉ နှစ် ရှိပြီဖြစ်သော မီရှဲလ်နှင့် လာဗင်းနီးယား အော့စ်ဘုန်းတို့သည် ၁၉၇၆ ခုနှစ်တွင် မိနစ်အနည်းငယ်သာ ခြား၍ မွေးဖွားခဲ့ကြသည့် အမြွှာညီအစ်မများ ဖြစ်ကြသည်။ ယူနိုက်တက်ကင်းဒမ်းတွင် အတူတကွ ကြီးပြင်းခဲ့ကြသည့် ၎င်းတို့ အမြွှာညီအစ်မသည် မွေးဖွားချိန်က မိခင်ဖြစ်သူမှာ အသက် ၁၉ နှစ်သာ ရှိသေးပြီး ဖခင်ဖြစ်သူမှာ ရှိမနေခဲ့ပေ။ အမြွှာညီအစ်မ နှစ်ဦး အသက် ငါးနှစ်အရောက်တွင် ၎င်းတို့၏ မိခင်ရင်းချာက တက္ကသိုလ်တက်ရန် သူတို့ ညီအစ်မ နှစ်ဦးကို သူငယ်ချင်းတဦး၏ မိခင်ထံတွင် ထားရစ်ခဲ့သည်။

သူတို့၏ ဖခင်က ‘ဂျိမ်းစ်’ ဟူ၍သာ မိခင်ဖြစ်သူက နာမည် ပြောပြခဲ့ဖူးသဖြင့် လာဗင်းနီးယားက ဆယ်ကျော်သက်အရွယ် အရောက်တွင် ဖခင်ကို စတင် ရှာဖွေခဲ့သည်။ ထိုသို့ ရှာဖွေရာတွင် ဖခင်ဖြစ်သူ ဂျိမ်းစ်ဆိုသူကို ရှာတွေ့ခဲ့ပြီး သူမနှင့် တူသည်ဟု လာဗင်းနီးယားက ထင်မြင်ခဲ့သော်လည်း မီရှဲလ်အတွက်ကမူ သံသယစိတ် ဝင်ခဲ့သည်။
၂၀၂၁ တွင် မီရှဲလ်က DNA စစ်ဆေးရန် ဆုံးဖြတ်ခဲ့ပြီး app တခုမှနေ၍ သူမ၏ DNA က အခြား စစ်ဆေးမှုခံယူထားသူများနှင့် မည်မျှအထိ ကိုက်ညီမှု ရှိသည်ကို တိုက်ဆိုင်ပြသရာတွင် ဂျိမ်းစ်က သူမ ဖခင်မဟုတ်ကြောင်း ပေါ်ပေါက်လာခြင်းပဲ ဖြစ်သည်။
ရက်သတ္တပတ် အနည်းငယ်အကြာတွင် သူမက DNA ရလဒ်အပေါ် အခြေခံပြီး သူမ၏ ဖခင် အစစ်အမှန်ကို လိုက်လံ ရှာဖွေရာ သူမဖခင်ရင်းက အိမ်ခြေရာမဲ့တဦးဖြစ်ပြီး အရက်နှင့် မူးယစ်ဆေးစွဲနေသူတဦး ဖြစ်နေကြောင်း သိရှိခဲ့ရသည်။ မီရှဲလ်က DNA ခြေရာကောက်မှုဖြင့် သူမ၏ ဝမ်းကွဲညီအစ်မတဦးနှင့် တွေ့ဆုံခဲ့ပြီး ထိုအမျိုးသမီးနှင့် ချက်ချင်းပင် ဆွေမျိုးရင်းချာကဲ့သို့ သံယောဇဉ် ဖြစ်ခဲ့သည်။
သို့သော် လာဗင်းနီးယားအတွက်မူ ထို အမျိုးသမီးအပေါ် ထိုကဲ့သို့ ခံစားချက်မျိုး လုံးဝ မဖြစ်ပေါ်ခဲ့ပေ။ ထိုအခါ သူမကိုယ်တိုင် DNA စစ်ဆေးရန် ဆုံးဖြတ်ပြီး စစ်ဆေးကြည့်သည့်အခါ ရလဒ်မှာ သူမ၏ အမြွှာအစ်မ မီရှဲလ်နှင့် DNA ကွဲပြားနေကြောင်း ထပ်မံ တွေ့ရှိတော့သည်။ ၎င်းတို့ အမြွှာနှစ်ဦးမှာ ဖခင်တဦးတည်း မဟုတ်ကြောင်းကို DNA ရလဒ်များအရ ထွက်ပေါ်လာခဲ့သည်။

ထို့ပြင် နောက်ထပ် အံ့အားသင့်စရာတခုမှာ လာဗင်းနီးယားက ဖခင်အဖြစ် ရှာတွေ့ထားသည့် ဂျိမ်းစ်ကလည်း သူမ ဖခင်အရင်း မဟုတ်ကြောင်းကို DNA စစ်ဆေးချက်အရ တွေ့ရှိခြင်းပဲ ဖြစ်သည်။ ထိုအတွက် လာဗင်းနီးယားက သူမ၏ ဖခင် မည်သူဖြစ်သည်ကို ဆက်လက် မရှာဖွေတော့ရန် ဆုံးဖြတ်ခဲ့သော်လည်း မီရှဲလ်မှာမူ သူမ၏ အမြွှာညီမ၏ ဖခင်ကို မတွေ့မချင်း ဆက်လက် ရှာဖွေတော့သည်။ နောက်ဆုံးတွင် DNA စစ်ဆေးချက် ရလဒ်များအရ လာဗင်းနီးယား၏ ဖခင်မှာ အာသာအမည်ရှိသူ တဦးဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ယခုအခါ ၎င်းတို့က အာသာနှင့် ပုံမှန် တွေ့ဆုံလျက် ရှိနေကြပြီဖြစ်သည်။
၎င်းတို့က ဖခင်မတူသော အမြွှာညီအစ်မများ ဖြစ်နေသည်ဟူသော အချက်ကို လက်ခံရန် အစပိုင်းတွင် အလွန်ခက်ခဲခဲ့ကြောင်း လာဗင်းနီးယားက BBC သို့ ပြောသည်။ “မီရှဲလ်ဟာ ကျွန်မအတွက် တဦးတည်းသော သွေးသားလေ၊ ကျွန်မ အသေအချာ ယုံကြည်ထားတဲ့ တခုတည်းသော အရာဖြစ်ခဲ့တာ၊ အခုတော့ အဲဒီလို မဟုတ်တော့ဘူးလေ” ဟု သူမက ဆိုသည်။
မီရှဲလ်ကမူ လာဗင်းနီးယားလောက် မတုန်လှုပ်ခဲ့ပေ။ “ဒီလို တကယ် ဖြစ်နိုင်တယ်ဆိုတာကို ကျွန်မ အခုထိ အံ့သြနေတုန်းပဲ၊ ဒါဟာ တကယ့်ကို ထူးဆန်းတယ်၊ အရမ်းကို ရှားပါးတယ်၊ ဒါပေမဲ့လည်း ဖြစ်နိုင်တဲ့ သဘောတရားတော့ ရှိနေပါတယ်” ဟု သူမက ဆိုသည်။

ဖခင်မတူသော အမြွှာများ ရှိတတ်သော်လည်း အမှန်တကယ်ပင် ရှားပါးပြီး ဆေးပညာလောကတွင် ‘Superfecundation’ ဟု ခေါ်ဆိုသည်။ ‘Superfecundation’ ဆိုသည်မှာ သားဥကြွေသည့် ကာလတခုတည်းအတွင်း အချိန်မတူဘဲ သားဥနှစ်ဥ သို့မဟုတ် ထို့ထက် ပို၍ သန္ဓေတည်သွားခြင်းကို ဆိုလိုသည်။ ထိုသို့ ‘Superfecundation’ ဖြစ်စဉ်ဖြစ်လျှင် ရလဒ်အနေဖြင့် အမြွှာများတွင် ဖခင် မတူ ဖြစ်သွားနိုင်သည်။ တကမ္ဘာလုံးအတိုင်းအတာဖြင့် ဤကဲ့သို့သော ဖြစ်ရပ်မျိုး အနည်းငယ်သာ သိရှိရသေးသည်။
NOS News မှ British twin sisters discover after decades that they do not have the same father ကို မိုးသဲ ဘာသာပြန်သည်။


Leave a Reply